မန္တလေးဆေးရုံ အမှိုက်ပုံးထဲတွင် မွေးကင်းစကလေး အလောင်းတွေ့ရှိ
DVB
·
June 20, 2019
မန္တလေးအထွေအထွေရောဂါကု ဆေးရုံကြီးရှိ ပြင်ပလူနာဌာန အမှိုက်ပုံးထဲကနေ အမှိုက်တွေ သိမ်းဆည်းရာက မွေးကင်းစ ကလေးအလောင်းတလောင်းကို ဇွန်လ ၁၉ ရက် မနက်ပိုင်းက တွေ့ရှိတဲ့အတွက် အမှုဖွင့်လှစ်ထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။
ပြင်ပလူနာဌာနမှာရှိတဲ့ အမှိုက်ပုံးတပုံးကို စည်ပင်အမှိုက်သိမ်းယာဉ်က လုပ်သားတွေ အမှိုက်သိမ်းဆည်းနေစဉ်မှာ မွေးကင်းစကလေး အလောင်း တွေ့ရှိခဲ့တာဖြစ်ပြီး ချမ်းအေးသာစံမြို့မရဲစခန်းက တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
“စခန်းမှာ အမှုဖွင့်ထားပါတယ်။ အမှိုက်ပုံးထဲမှာတွေ့တာပါ” လို့ ချမ်းအေးသာစံ မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
သေဆုံးနေတဲ့ ကလေးဟာ မွေးကင်းစ မိန်းကလေးအလောင်းဖြစ်ပြီး ၅ ပေါင်ခန့်ရှိတယ်လို့ သိရပါတယ်။
အခုလို မွေးကင်းစကလေးရဲ့အလောင်းကို စွန့်ပစ်ထားတဲ့အတွက် ချမ်းအေးသာစံ မြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၈ နဲ့ အမှုဖွင့်လှစ်ထားပြီး စွန့်ပစ်ခဲ့သူကို ဖမ်းဆီးရမိရေး နယ်မြေခံရဲတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်။
သတင်း- ထိန်ထိန်လင်း