ကျူးကျော်နေထိုင်သူ ၁ သိန်းကျော်ကို ပြန်လည်နေရာချထားရန် တင်ပြ
DVB
·
November 21, 2012
ရန်ကုန်မြို့မှာ ဌာနဆိုင်ရာ မြေတွေအပေါ်မှာ ကျူးကျော်နေထိုင်သူ စုစုပေါင်း ၁ သိန်းကျော်ရှိပြီး အဲဒီလူတွေကို မြို့ပြင်တွေမှာ အကွက်ရိုက်ပြီး နေရာပြန်ချထားပေးဖို့ ရန်ကုန်တိုင်းလွှတ်တော် ဥပဒေပြုရေး ကော်မတီကို တင်ပြထားတယ်လို့ တာမွေမြို့နယ် အမတ် ဦးအေးသိန်းက ဒီဗွီဘီကို ပြော ဆိုပါတယ်။
အဲဒီလူတွေဟာ မီးရထား သံလမ်းဘေး၊ စည်ပင်မြေ၊ အိုးအိမ်မြေ စတဲ့ မြေနေရာတွေမှာ တဲအိမ်တွေဆောက်ပြီး ကျူးကျော် နေထိုင်နေကြတယ်လို့ သူက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ကာလက အစိုးရဌာနဆိုင်ရာတချို့ဟာ သူတို့မြေပေါ်မှာ ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားဖို့ ကြိုးစားမှုတွေ ရှိခဲ့ပါတယ်။
ဒါပေမယ့် နေစရာ အစားပြန်ပေးတဲ့ အစီအစဉ် မပါတာကြောင့် ဖယ်ရှားခံရသူတွေရဲ့ ငြင်းဆန် တုံ့ပြန်မှုကို ခံရပြီးနောက်ပိုင်း အစီအစဉ် ရပ်ဆိုင်းခဲ့ရပါတယ်။