Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကျောင်းဆရာမတဦး လုယက်ခံရ
DVB
·
June 20, 2019
ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၅၅/၁ နဲ့ ၂ အကြားမှာ ဇွန်လ ၁၉ ရက် ညနေက ကျောင်းဆင်းချိန် အိမ်ပြန်လာတဲ့ ဆရာမတဦးကို ဆိုင်ကယ်စီး အမျိုးသား ၂ ဦးက ထိုးကြိတ်ပြီး လက်ကိုင်အိတ် လုယူသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်၊ ထီးလှိုင်ရွာနေ မူလတန်းပြဆရာမ ဒေါ်ငယ်လေးဟာ ဆိုင်ကယ်နဲ့ ကျောင်းကအပြန် ဆိုင်ကယ်စီးလာတဲ့  အမျိုးသား ၂ ဦးက ဘေးချင်းယှဉ်စီးကာ ဆရာမကို လက်သီးနဲ့ထိုးပြီး ဆိုင်ကယ်အားခြေထောက်နဲ့ ကန်လိုက်ပြီး လဲကျသွားတဲ့အချိန်မှာ  ဆိုင်ကယ်မှာ ချိတ်ဆွဲထားတဲ့ အမျိုးသမီးလက်ကိုင်အိတ်ကို ဆွဲဖြုတ်လုယူသွားခဲ့တာလို့ ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "လုယူသွားသူတွေကို စုံစမ်းနေပါတယ်။ ပုံပန်းသဏ္ဍာန်တွေ မေးမြန်းထားပါတယ်။ အမြန်ဆုံး ဖော်ထုတ် ဖမ်းဆီးနိုင်မှာပါ"လို့ ပြောပါတယ်။ ကျောင်းအုပ်ဆရာကြီး ဦးဟန်ဝင်းအောင်က “ဆရာမအိတ်ထဲမှာ ရွှေရောင်ဟွာဝေး ဟန်းဆက်ရယ် ပိုက်ဆံ တသောင်းလောက်ရယ် မှတ်ပုံတင်ကတ် ယာဉ်မောင်းလိုင်စင်တွေ ပါသွားတယ်။ လုယက်သူတွေက အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး လုကြတယ်။ သတိရှိ ကြစေချင်တယ်"လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းမှာ စုံစမ်းနေဆဲ လုယက်သူ အမျိုးသား ၂ ဦးကို လုယက်မှု၊ အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မနဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024