အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသည့် ပလာတီနီ ပြန်လွတ်မြောက်

အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ပလာတီနီ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ပြင်သစ်ကစားသမားဟောင်းလည်းဖြစ်သူ ပလာတီနီဟာ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကာတာနိုင်ငံကို ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က စုံစမ်းစစ်ဆေး ခံခဲ့ရတာပါ။ သူဟာ ဗုဒ္ဓဟူးနေ့မှာတော့ ပြန်လည်လွတ်မြောက်လာခဲ့ကာ ကမ္ဘာ့ဖလား ကျင်းပခွင့်နဲ့ ပတ်သက်ပြီး သူ့ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဟာ နာကျင်စရာဖြစ်တယ်လို့ ပလာတီနီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အရင်ကတည်းက မိမိပြောကြားခဲ့ပြီး ဖြစ်ကြောင်းနဲ့ ပါဝင်ပတ်သက်မှု မရှိကြောင်း ပလာတီနီက ဆိုပါတယ်။ ပလာတီနီအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပခွင့်အပြင် ယူရို ၂၀၁၆ ပြိုင်ပွဲ၊ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း စစ်ဆေးမေးမြန်း ခံခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၆၃ နှစ်ရှိ ပလာတီနီဟာ အဂတိလိုက်စားမှုတွေရှိခဲ့လို့ ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာနဲ့အတူ ၂၀၂၃ ခုနှစ်အထိ ဘောလုံးလောကမှာ ပါဝင်ပတ်သက်ခွင့် ပိတ်ပင်ခံထားရသူလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up