အေအေ ဖမ်းထားသည့် ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်းများ လွတ်မြောက်ရေး ညှိနှိုင်းနေ
နေဖြိုးဝင်း
·
June 18, 2019
ရက္ခိုင့်တပ်မတော်(အေအေ) က ဖမ်းဆီးထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီဝန်ထမ်း တွေဟာ နယ်စပ်စခန်းတခုမှာ ရောက်ရှိနေပြီး သူတို့ ပြန်လည်လွတ်မြောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။
ဇွန် ၁၈ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ)ရဲ့ မီးလောင်ဆုံရှုံးခဲ့ရတဲ့ သံဘောင်နဲ့ ဆက်စပ်ပစ္စည်းတွေ အတွက် အာမခံလျော်ကြေးငွေ ပေးအပ်ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
"သူတို့ နယ်စပ်က စခန်းတခုမှာ ရောက်နေတယ်လို့ သတင်းရထားပါတယ်။ သူတို့ ပြန်လွတ်ဖို့အတွက် ကျနော်တို့ ညှိနှိုင်းနေပါတယ်။ ကျနော်တို့ တံတားအဖွဲ့ကနေ ရသေ့တောင် နယ်မြေထဲက တံတားဆောက်လုပ် ရေးလုပ်ငန်းခွင်ထဲက တဦးလည်း အဲဒီ နယ်စပ်စခန်းတခုမှာ ရှိပါတယ်။ အဲဒါ ပြန်လွတ်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်နေပါတယ်"လို့ ဒုဝန်ကြီးက ပြောပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာ- အိန္ဒိယနှစ်နိုင်ငံဆက်သွယ်ထားတဲ့ ပလက်ဝ-မီဇိုရမ် ကားလမ်း တာဝန်ယူဖောက်လုပ်နေတဲ့ ဆုထူးစံကုမ္ပဏီကဝန်ထမ်း ၁၃ ဦးကို မတ်လ ၃၀ ရက်မှာ အေအေအဖွဲ့က ဖမ်းဆီးခေါ်သွားပြီး ၅ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ၈ ဦးကတော့ ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။