အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၌ အပူလှိုင်းကြောင့် လူ ၂၈ ယောက် သေဆုံး

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂါယာမြို့မှာ အပူလှိုင်းဖြတ်တာကြောင့် လူပေါင်း ၂၈ ယောက်အထိ သေဆုံးခဲ့တယ်လို့ ဘီဟာပြည်နယ် ကျန်းမာရေးဝန်ကြီး မန်ဂယ်လ်ပန်ဒေးက ပြောပါတယ်။ တချို့လူနာတွေဟာ ဆေးရုံရောက်လာချိန်မှာပဲ သေဆုံးနေပြီလို့ ၀န်ကြီး မန်ဂယ်လ်ပန်ဒေးက ဇွန် ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။ အာနျူဂရတ်နာရာယန်မာဂတ် ဆေးပညာကောလိပ်က ကုသဆောင်တွေမှာ အပူဒဏ်ကြောင့် ခြေကုန်လက်ပန်းကျ အားနည်းတဲ့ လူနာတွေ ပြည့်နေတယ်လို့ ရိုက်တာ သတင်းဌာနက  ဖော်ပြပါတယ်။ နေ့အပူချိန်မြင့်တက်နေတာကြောင့် ပြည်နယ်အစိုးရက အဲဒီဒေသက စာသင်ကျောင်း တွေအားလုံး ဇွန် ၂၂ ရက်အထိ ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။ အခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ အပူလှိုင်းဖြတ်လို့ သေဆုံးသူ စုစုပေါင်း ၃၆ ယောက်ထက် မနည်းရှိလာပါပြီ။ မြို့တော် ဒေလီမှာတော့ နေ့အပူချိန် ၄၈ ဒီဂရီ ဆဲလ်စီးယပ်နဲ့ ချူရူနဲ့ ရာဂျက်စသန် ပြည်နယ်တွေမှာ ၅၁  ဒီဂရီ ဆဲလ်စီးယပ်ထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ပုံမှန်အားဖြင့် နွေရာသီကာလအတွင်း ရေရှားလေ့ရှိပေမယ့် အခုနှစ်မှာတော့ ၂၀၁၈ မုတ်သုံရာသီထက် မိုးနည်းတာကြောင့် ရေရှားတဲ့ ပြဿနာ ပိုဆိုးလာပါတယ်။ မတ်လလယ်ကတည်းက အိန္ဒိယမှာ အပူလှိုင်းဖြတ်နေတာဖြစ်ပြီး မေလလယ်မှာတော့ အပူချိန်မြင့်တက်တာ ပိုဆိုးလာသလို ဇွန်လလယ်ထိ အပူချိန်ဆက်မြင့်တက်နိုင်တယ်လို့ အမျိုးသား ကပ်ဘေးစီမံရေး အာဏာပိုင်အဖွဲ့ NDMAက ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up