Home
မြန်မာသတင်း
ဟုမ်ရွမ်အထည်ချုပ်စက်ရုံကြောင့် ပျက်စီးသွားသည့်လမ်း ပြန်ပြင်ပေးရန် ရွာသားများဆန္ဒပြ
DVB
·
June 18, 2019
ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်၊ ဘုရားလမ်းကျေးရွာမှာ ဟုမ်ရွမ်ထည်ချုပ်စက်ရုံ တည်ဆောက်စဉ်ကာလက ကျေးရွာပိုင်လမ်းကို အသုံးပြုခဲ့တဲ့အတွက် လမ်းပျက်စီး ဆုံးရှုံးခဲ့တာကို ပြန်လည်ပြုပြင်ပေးဖို့ ကျေးရွာသား ၇၀ လောက် ဒီကနေ့ ဟုမ်ရွမ်စက်ရုံကို ဆန္ဒပြကြပါတယ်။ ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ကိုရဲလေးက "ဟုမ်ရွမ်စက်ရုံ စဆောက်ကတည်းက ကျနော်တို့လမ်းကို ကားကြီးတွေအသုံးပြုတဲ့အတွက် လမ်းတွေပျက်စီးတယ်။ ကျနော်တို့ ရွာသားတွေ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ အကြိမ်ကြိမ်ခေါ်ပြောတယ်။ သူတို့က ပြင်ပေးမယ်ပြောတယ်။ နောက်တလလောက်ကြာတော့ တခါခေါ်ပြောတယ်။ ပြင်မပေးဘူး။ ခုချိန်ထိဘာမှမလုပ်ပေးဘူး။ မိုးကျလို့ အခုကျနော်တို့လမ်းက ဘယ်လိုမှ သွားလာရတာ အဆင်မပြေတော့ဘူး။ သူတို့ဘက်က လုပ်ပေးမယ်ပြောပြီး မလုပ်ပေးလို့ အခုလိုဆန္ဒပြရတာပါ။ ကျနော်တို့ကတော့ လုပ်မပေးမချင်း ဆန္ဒထုတ်ဖော်သွားမှာပါ"လို့ပြောပါတယ်။ ဟုမ်ရွမ်စက်ရုံကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလပိုင်း က စတင်တည်ဆောက်ခဲ့ပြီး ခုချိန်မှာတော့ စက်ရုံ စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။ စက်ရုံက စွန့်ပစ်အညစ်အကြေးတွေကို ရေဆိုးမြောင်းကတဆင့် လမ်းပေါ်ကို ဖောက်ချထားတဲ့ အတွက် ကျေးရွာရှိ အိမ်ထောင်စု ၃၀၀ ခန့် လူဦးရေ ၄၀၀ နီးပါး သွားလာရေး အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ကျေးရွာဒေသခံတွေတွက ပြောပါတယ်။ ကျေးရွာအတွင်းနေထိုင်သူ ဒေါ်သန်းသန်းဆွေက "ကျမတို့လမ်းက မိသားစုတွေ ဝိုင်းပြီး ပြုပြင်ထားတဲ့လမ်းပါ။ သူတို့စက်ရုံ မဆောက်ခင်က အဆင်ပြေတယ်။ သူတို့စက်ရုံ လာဆောက်တော့ ကားကြီးတွေ ဝင်တယ်ကျမတို့ကို ဘာလုပ်ပေးမယ်။ လမ်းကို ဘယ်လိုပြင် ပေးမယ်ပြောတယ်။ စက်ရုံပြီးသွားတော့လည်း ဘာမှလုပ်မပေးဘူး။ အခုမိုးတွင်းရောက်လာပြီး ကျောင်းသားတွေ၊ သံဃာတော်တွေသွားလာရတာ ဘယ်လိုမှ အဆင်မပြေဘူး။ မီးလောင်ရင်တောင် မီးသတ်ကား ဝင်မရတဲ့ အခက်အခဲတွေပါဖြစ်နေတယ်"လို့ပြောပါတယ်။ ကျေးရွာပြည်သူတွေက ဆန္ဒဖော်ထုက်ချိန်မှာ စက်ရုံတာဝန်ရှိသူတွေနဲ့ ကျေးရွာပြည်သူတွေ အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းနေကြပြီး ဒီကိစ္စ တပတ်အတွင်း ဖြေရှင်းပေးမယ်လို့ သိရပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024