Homeသတင်းဓာတ်ပုံ
တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်က ကျေးရွာ ၃ ရွာတွင် လူသူကင်းမဲ့နေ (ဓာတ်ပုံ)
တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်က ကျေးရွာ ၃ ရွာတွင် လူသူကင်းမဲ့နေ (ဓာတ်ပုံ)
DVB
·
June 18, 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်ရေတံခွန်အနီး တပ်မတော်နဲ့ အေအေတို့ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျေးရွာ ၃ ရွာမှာ ဒေသခံတွေ မနေရဲကြတော့ဘဲ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။
တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာအပြင် တပ်မတော်စစ်ကြောင်းတွေကလည်း ကျေးရွာတွေထဲ ၀င်ရောက်ရှာဖွေနေလို့ စိုင်းဒင်အနီး ဈေးရွာ၊ ပြင်ချောင်း မြိုမိချောင်း စတဲ့ တိုင်းရင်းသားကျေးရွာတွေက ရွာသားတွေဟာ ရွာတွေမှာ လုံးဝ နေထိုင်နိုင်ခြင်းမရှိတော့ဘဲ ကြားညိုပြင်ဒုက္ခသည်စခန်း၊ ဒုံးသိမ်ဒုက္ခသည်စခန်းနဲ့ ဘူးသီးတောင်မြို့ပေါ် ဒုက္ခသည် စခန်းတွေမှာ သွားရောက်နေထိုင်နေကြရပါတယ်။
ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးမောင်ကျော်ဇံက "စိုင်းဒင် အနီး ဈေးရွာ၊ပြင်ချောင်း၊မြိုမိချောင်း သုံးရွာမှာ လူနေထိုင်လို့ လုံးဝမရတော့ဘူး။ အိမ်တွေလည်း ဖြိုဖျက်ခံရတယ်။ရွာသူ/သားတွေကို အစိုးရက ထောက်ပံ့တဲ့ ရိက္ခာတွေ လာထုတ်ယူတာကိုတောင် ဖမ်းဆီးစစ်ဆေးတယ်။ ဒီလိုအခြေအနေကြောင့် သုံးရွာလုံး လူနေထိုင်ခြင်း လုံးဝမရှိတော့ပါဘူး" လို့ ပြောပါတယ်။
ပြင်ချောင်းကျေးရွာမှ ဦးဖိုးသာက "ကျနော်တို့ရွာကို လုံးဝသွားလို့မရတာ အခုဆို တလနီးပါး ရှိပါပြီ။ နေအိမ်တွေကိုလည်း တပ်မတော်စစ်ကြောင်းတွေက ၀င်ရောက်ရှာဖွေတယ်" လို့ ပြောပါတယ်။
ပြင်ချောင်းကျေးရွာမှာ မူလွန်ကျောင်းတကျောင်းရှိပြီး ဈေးရွာ နဲ့ မြိုမ ချောင်းကျေးရွာတွေက ကျောင်းသူ/သားတွေ လာရောက်ကျောင်းတက်ကြပြီး လက်ရှိမှာတော့ လူမနေထိုင်တော့တဲ့ အတွက် စာသင်ကျောင်း ပိတ်ထားရပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်လင်းထွန်းက “လူတွေ မနေထိုင်နိုင်ဖြစ်တာက နှစ်ဖက်တိုက်ပွဲတွေကြောင့်လို့ သုံးသပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုင်းရင်းသား ကျေးရွာတွေ နေထိုင်တာကိုပဲ လိုချင်တယ်၊ မဟုတ်ရင် လူမျိုးခြားတွေ ၀င်နေထိုင်သွားနိုင်တယ်၊ လူမနေထိုင်အောင် လုပ်နေတယ်လို့ပြောတဲ့ ရွာသားဆိုတာလည်း သူပုန်ပဲ ဖြစ်လိမ့်မယ်။ အဲ့ဒီရွာတွေနဲ့ သူပုန်တွေနဲ့က တသားတည်းဖြစ်နေတာတွေရှိတယ်" လို့ ပြောပါတယ်။
ဈေးရွာမှာ အိမ်ခြေ ၁၇ အိမ်၊ လူဦးရေ ၆၃ ဦး နေထိုင်ပြီး ဘူးသီးတောင်နဲ့ မိုင် ၂၀ ကျော်ဝေးကွာတဲ့ ရွာလေးတရွာဖြစ်ပါတယ်။ မြို့မချောင်းကျေးရွာမှာ အိမ်ခြေ ၁၇ အိမ်၊ လူဦးရေ ၈၄ ဦးရှိပြီး ပြင်ချောင်းမှာ အိမ်ခြေ ၄၃ အိမ်၊ လူဦးရေ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဈေးရွာမှာ ၂၀၁၈ ဒီဇင်ဘာလကတည်းက စစ်ဘေးခိုလှုံနေကြတဲ့ ပုဏ္ဏားကျွန်းမြို့နယ် မီးကျောင်းခုတ်ကျေးရွာနဲ့ အဝပြန်ကျေးရွာမှ စစ်ဘေးဒုက္ခသည်မိသားစု ၃၁ စု၊ လူဦးရေ ၁၃၄ ဦးဟာလည်း ဒုံသိမ်စစ်ရှောင်စခန်းကို ပြောင်းရွှေ့ နေထိုင်နေကြရပါတယ်။
ကျော်လင်းဦး