ပြင်သစ်-ဂျာမနီ တိုက်လေယာဉ်သစ်စီမံကိန်းတွင် စပိန် ပူးပေါင်းမည်

ပြင်သစ်နဲ့ ဂျာမနီ ပူးပေါင်းပြီး မျိုးဆက်သစ် တိုက်လေယာဉ် ပုံစံထုတ်မယ့် စီမံကိန်းမှာ စပိန်နိုင်ငံကလည်း ပူးပေါင်းမယ်လို့ ဇွန် ၁၇ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဥရောပအနေနဲ့ မဟာမိတ်တွေအပေါ် မှီခိုစရာမလိုဘဲ ကိုယ်တိုင်ရပ်တည်ရေး သေချာဖို့ ကြိုးစားနေချိန်မှာ သုံးနိုင်ငံ ပူးပေါင်းစီမံကိန်း ပေါ်ထွက်လာခဲ့တာပါ။ ပြင်သစ်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Dassault Aviation နဲ့ ဥရောပလေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ Airbus  တို့ ပူးပေါင်းပြီး တိုက်လေယာဉ်ဒီဇိုင်းသစ်ကို တည်ဆောက်သွားမှာပါ။ စီမံကိန်းအကောင်အထည်ဖော်ဖို့ ၂၀၄၀ ခုနှစ်ထိ အချိန်ကြာမြင့်မယ်လို့ ခန့်မှန်းရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဒီစီမံကိန်းဟာ Dassault ကုမ္ပဏီရဲ့ Rafale အမျိုးအစား တိုက်လေယာဉ်နဲ့ ဂျာမနီရဲ့ Eurofighter အမျိုးအစား တိုက်လေယာဉ်တွေ ခေတ်ကုန်ပိုင်းမှာ အစားထိုးဖို့ပါ။ ဇွန် ၁၇ ရက်နေ့က ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ Paris Airshow လေယာဉ်ပြပွဲမှာ  ပြင်သစ်၊ ဂျာမနီနဲ့ စပိန်က ကာကွယ်ရေးဝန်ကြီးတွေဟာ သုံးနိုင်ငံ ပူးတွဲသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံက Safran အာကာသယာဉ် တည်ဆောက်ရေး ကုမ္ပဏီနဲ့ ဂျာမနီက MTU Aero Engines ကုမ္ပဏီတို့ဟာ အဲဒီတိုက်လေယာဉ်သစ်နဲ့ အင်ဂျင်ဒီဇိုင်း တည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်ကြမယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ မျိုးဆက်သစ် တိုက်လေယာဉ်ရဲ့ ပထမဆုံး ဒီဇိုင်းပုံကြမ်းကို ၂၀၂၆ ခုနှစ်လောက်မှာ ရေးဆွဲပြီးစီးမယ်လို့ ပြင်သစ်နဲ့ ဂျာမနီက ရည်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up