ကလေးမြို့တွင် ရန်ဖြစ်ရာကနေ အိမ် မီးရှို့မှုဖြစ်ပွား
DVB
·
June 18, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်က နေအိမ်တအိမ်မှာ ဇွန်လ ၁၇ ရက် ညနေပိုင်းက သမီးယောက်ဖ အချင်းချင်း စကားများကြရာက တဦးက မကျေနပ်လို့ ဆိုပြီး အိမ်ကို မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။
ကလေးခရိုင် မီးသတ်ဌာန ဒုဦးစီး ဦးအောင်ကိုဌေးက "ဖြစ်တဲ့ သတင်းရတာက ၅ နာရီ ကျော်ကျော်မှာ အချင်းချင်း စကားများပြီး အိမ်မီးနဲ့ရှို့တာ။ အိမ်က မြေစိုက် နှစ်လုံး မီးလောင် သွားတယ်။ မီးကတော့ ၅ နာရီ ခွဲ လောက်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်" လို့ ပြောပါတယ်။
မီးလောင်နေတာကို မီးသတ်ဌာနက မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၁စီး၊ မီးသတ်အင်အား ၃၅ ဦးနဲ့ သွားရောက် ငြှိမ်းသတ်ခဲ့ပါတယ်။
ခုလို မီးလောင်တာကြောင့် နေအိမ် ၂ လုံးဆုံးရှုံးခဲ့ပြီး ကျား ၂ ဦး၊ မ ၁ ဦး၊ စုစုပေါင်း ၃ဦး မီးဘေးဒုက္ခရောက်ခဲ့ရပြီး မီးရှို့သူ ကျိန်ထောင်းသွန်ဆိုသူကို ပုဒ်မ ၄၃၆ နဲ့ ကလေးမြို့မ ရဲစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။
သတင်း- မင်းရဲစစ်နိုင်