UFO လား ဒုံးကျည်လေလား (ရုပ်သံ)

တရုတ်နိုင်ငံအလယ်ပိုင်းက အရုဏ်ဦးကောင်းကင်မှာ ဇွန်လ ၂ ရက်နေ့က မြင်တွေ့ခဲ့ရတဲ့ တောက်ပပြီးအလျင်အမြန်ရွေ့လျားကာ အနောက်မှာ အဖြူရောင်မီးခိုးတွေလို အတန်းကြီး ကျန်ရစ်ခဲ့တဲ့ အရာဝတ္တုတခုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက လူမူကွန်ရက် အသုံးပြုသူတွေကြားမှာ သို့လော သို့လောဖြစ်ကျန်ခဲ့ရပါတယ်။ ဒီအရာဖြတ်သန်းသွားလာမှုကို ဟီနန်ပြည်နယ်မှာနေထိုင်တဲ့ ဒေသခံတဦးက အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပြီး ဗွီဒီယိုအရ မနက် ၄ နာရီလောက်မှာ ဒီအဖြူရောင်အတန်းကြီး ဖြတ်သန်းသွားတာတွေ့ရပါတယ်။ ဗွီဒီယိုကိုရိုက်ကူးခဲ့တဲ့ လီက ဗွီဒီယိုကို နာမည်ကျော် တရုတ်လူမူကွန်ရက်တခုဖြစ်တဲ့ Weibo မှာတင်ခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာတင် ဝင်ရောက်ကြည့်ရှုသူ ၆ သန်းနီးပါးအထိ ရှိလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီအရာဟာ UFO ယာဉ်တစီးဖြစ်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဗွီဒီယို ထွက်ပေါ်လာခဲ့ပြီး နောက်တနေ့မှာပဲ တရုတ်စစ်တပ်ရဲ့ ဒုံးကျည်တပ်ရင်းက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ညဘက်ကောင်းကင်ယံဆီ ချိန်ရွယ်ထားတဲ့ တိုက်ချင်းပစ်ဒုံး ကျည်လောင်ချာတခုလို့ ယူဆရတဲ့ ဓာတ်ပုံတပုံကို လူမှုကွန်ရက် စာမျက်နှာမှာ တင်ခဲ့ပါတယ်။ ဒါ့အပြင် “ဒီခေတ်ကြီးမှာ UFO ဆိုတာကို ယုံကြည်နေတာလား” ဆိုပြီးလည်း ခေါင်း စဉ်တပ်ထားပါသေးတယ်။ ဒါပေမယ့် ဒီကိစ္စကို အသေးစိတ်ရှင်းလင်းတာမျိုးတော့ မလုပ်ထားပါဘူး။ အဲ့ဒီနောက်မှာလည်း တရုတ်ရေတပ်က ဒုံးကျည်တစင်း ရေပြင်ကနေထွက်ပေါ်လာပြီး ကောင်းကင်ပေါ်တက်သွားတဲ့ ဓာတ်ပုံတပုံကို “ဒီခေတ်ကြီးမှာ UFO ဆိုတာကို ယုံကြည်နေတာလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ထပ်တင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဇွန် ၂ ရက်နေ့မှာ တွေ့ခဲ့ရတဲ့ အရာဟာ UFO မဟုတ်ဘဲ ဒုံးကျည်စမ်းသပ်မှုတခု ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ပေါ်ထွက်လာခဲ့ပြန်ပါတယ်။ လက်နက်ရေးကျွမ်းကျင်သူတွေကတော့ တရုတ်စစ်ဘက် ကနေထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေဟာ ရေငုပ်သင်္ဘောနေ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်မျိုးဆက်သစ် JL-3 ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up