Live
Home
အနုပညာ
အကြမ်းစားမက်တယ်လ်ရော့ခ်ကာ နိုဗန်ထူး အောင်ပွဲခံခဲ့သည့် The Voice Myanmar ဖိုင်နယ်ည (ရုပ်သံ)
DVB
·
June 17, 2019
The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲရဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို မနေ့ညက ကျင်းပသွားရာမှာ ပွဲစဉ်တလျှောက် အကြမ်းစား မက်တယ်လ်ရော့ခ်သီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ နိုဗန်ထူးက ပရိသတ်မဲ အများဆုံးနဲ့ Winner ဆု ရရှိသွားပါတယ်။ နောက်ဆုံးအဆင့် ဖိုင်နယ်ပြိုင်ပွဲမှာတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆီမီးဖိုင်နယ်မှာ အဆိုပညာအစွမ်းပြပြီး တက်ရောက်လာနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ် အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က အပြီးသတ် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေဟာ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့် စတဲ့ ပြိုင်ပွဲအဆင့်တွေကို အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး Grand Final အဆင့်ကို ရောက်ရှိလာတာပါ။ Coach ၄ ယောက်ဖြစ်တဲ့ ကျားပေါက်၊ နီနီခင်ဇော်၊ R.ဇာနည်နဲ့ ရန်ရန်ချန်းတို့ရဲ့ အဖွဲ့တဖွဲ့စီက ပြိုင်ပွဲဝင် တယောက်ချင်းစီမှာ အားသာချက်တွေ ကိုယ်စီရှိနေကြတာမို့ ဘယ်သူက Winner ဖြစ်သွားနိုင်မယ်ဆိုတာကို ခန့်မှန်းဖို့ မလွယ်ကူလှပါဘူး။ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ပရိသတ်က မဲပေးရွေးချယ်တဲ့ Voting ၆၀ ရာခိုင်နှုန်းနဲ့ Coach တဦးချင်းစီရဲ့ Voting ၄၀ ရာခိုင်နှုန်းနဲ့အတူ တဖွဲ့က ပြိုင်ပွဲဝင်တဦးကိုသာ ရွေးချယ်ပြီး Grand Final အဆင့်ကို တက်ရောက်စေခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေက ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်တွေကို ဒီပြိုင်ပွဲရဲ့ Main Sponsor ဖြစ်တဲ့ MPT မှတဆင့် မဲပေးနိုင်မှာ ဖြစ်ပြီး ပရိသတ်ပေးတဲ့မဲက ပြိုင်ပွဲရဲ့ အဆုံးအဖြတ် ဖြစ်နေခဲ့တာပါ။ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ၄ ယောက် ရွေးချယ်သီဆိုခဲ့ကြတဲ့ သီချင်းတွေ ဟာ ပုံစံတမျိုးနဲ့ ထူးထူးခြားခြားဖြစ်နေခဲ့ကြတာကို တွေ့ရပါတယ်။ ဟေဇယ်လ်က တေးသံရှင် တင်တင်မြသီဆိုခဲ့တဲ့ နာမည်ကြီး ဇာတ်ဝင်သီချင်းတပုဒ်ဖြစ်တဲ့ တကျော့နှစ်ကျော့တေးကိုသီ သီချင်းနဲ့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့သလို နိုဗန်ထူးကတော့ အဆိုတော် ရေမွန်ရဲ့ နောက်ကျောသီချင်းနဲ့ အစွမ်းပြသီဆိုသွားခဲ့တာပါ။ နောက်ထပ်ပြိုင်ပွဲဝင် ၂ ဦးဖြစ်ကြတဲ့ မယ်လိုဒီခေါင်နဲ့ ပေါလ်အော်စတင်တို့က တော့ တေးသံရှင်ထူးအိမ်သင်ရဲ့ ဂျပ်ဆင်ထိပ်က လရိပ်ပြာ၊ တေးသံရှင် ဆုန်သင်းပါရ်ရဲ့ သခင်စတဲ့ သီချင်းတွေနဲ့ လှလှပပ သီဆိုယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် သူတို့ ယှဉ်ပြိုင်နေချိန်နဲ့ တခြားဧည့်သည်အဆိုတော်တွေရဲ့ ဖျော်ဖြေ မှုတွေ၊ Team တခုစီက ပြိုင်ပွဲဝင်နဲ့ Coach တို့ အတူတွဲသီဆိုနေကြချိန်မှာ မဲပေးနိုင်မယ့် Voting လိုင်းကို ဖွင့်ထားပေးခဲ့ပြီး နောက်ဆုံးမှာတော့ ဆုရရှိမယ့်ပြိုင်ပွဲဝင်ကို ကြေညာပေးမယ့် အချိန်ရောက်ရှိလာ ခဲ့တာပါ။ သူတို့ ၄ ယောက်ထဲက Top 2 အဖြစ် ရွေးချယ်ကြေညာချိန်မှာတော့ မိန်းကလေး ပြိုင်ပွဲဝင် ၂ ယောက်ဖြစ်တဲ့ ဟေဇယ်လ်နဲ့ မယ်လိုဒီခေါင်တို့ ကျန်နေခဲ့ပြီး ပေါလ်အော်စတင်နဲ့ နိုဗန်ထူးတို့က မဲအများဆုံး ၂ ဦးအဖြစ် ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် ပရိသတ်ပေးတဲ့ မဲအများဆုံးနဲ့ Winner ဆုရှင်ကို ကြေညာလိုက်ချိန်မှာ တော့ ကျားပေါက်ရဲ့ အဖွဲ့ထဲက နိုဗန်ထူးက ဆွတ်ခူးရရှိသွားခဲ့တာပါ။ မနှစ်က မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသားပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။ Season 1 တုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်ဆုံးအဆင့် Top 2 နေရာမှာ အမျိုးသား ပြိုင်ပွဲဝင် ၂ ယောက်ရှိနေခဲ့တာမို့ ဒါဟာလည်း ထူးခြားတဲ့ တိုက်ဆိုင်မှုတခု ဖြစ်နေခဲ့တာပါ။ အခုနှစ်မှာတော့ ထူးခြားတဲ့ ပြိုင်ပွဲဝင်အဖြစ် Blind Audition မှာကတည်းက ပရိ သတ်တွေ သတိပြုမိခဲ့တဲ့ နိုဗန်ထူးကတော့ ပြိုင်ပွဲတလျှောက်ဒီသီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိခဲ့တာဖြစ်ပါတယ်။ Blind Audition(Slipknot-Spit It Out) Battle Round(လေးဖြူ-အသုံးမကျတဲ့ နှင်းဆီ) KnockOut Round(Linkin Park-Faint) Liveshow(Slipknot-Wait and Bleed) Semi Final(ဇော်ဝင်းထွဋ်-ခင်ဗျားတို့အကြောင်း) Grand Final(ရေမွန်-နောက်ကျော)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024