အိမ်အကူအလုပ်သမားများကို ကာကွယ်ပေးရန် ဥပဒေသစ်ရေးဆွဲမည်
စိုးမိုးအောင်
·
June 17, 2019
အိမ်အကူအလုပ်သမားတွေအပေါ် ညှဉ်းပန်းနှိပ်စက်၊ ခေါင်းပုံဖြတ်မှုတွေ ဖြစ်နေတာဟာ လက်ရှိ အလုပ်သမားဥပဒေတွေက အကာအကွယ်မပေးနိုင်လို့ဖြစ်ပြီး ဥပဒေအသစ်ရေး ဆွဲသွားမယ်လို့ အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးက ပြောပါတယ်။
မြန်မာနိုင်ငံမှာရှိနေတဲ့ လက်ရှိ အလုပ်သမားဥပဒေတွေဟာ အိမ်အကူ အလုပ်သမားတွေ အပေါ် အကာအကွယ်ပေးနိုင်မှုအားနည်းနေတာကြောင့် ဥပဒေအသစ်ရေးဆွဲဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ညှိနှိုင်းဆွေးနွေးနေတယ်လို့လည်း ဦးကျော်ထွေးက ဆိုပါတယ်။
အဲဒီဥပဒေသစ်ထဲမှာ ပြည်တွင်းပြည်ပမှာ အလုပ်လုပ်နေတဲ့ မြန်မာ အိမ်အကူလုပ်သား တွေကို ကာကွယ်နိုင်ဖို့ ရေးဆွဲမှာဖြစ်သလို အိမ်ရှင်တွေရဲ့ အခွင့်အရေး ကာကွယ်ပေးနိုင်ဖို့လည်း ထည့်သွင်းရေးဆွဲဖို့ လိုတယ်လို့ သူကဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ အိမ်အကူအလုပ်သမားနေ့ကို ဇွန်လ ၁၆ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO)အဖွဲ့ဝင်တွေနဲ့ ပြည်တွင်းက အလုပ်သမားရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအပါအဝင် အလုပ်သမားတွေ ရာနဲ့ချီတက်ရောက်ခဲ့ပါတယ်။