သပိတ်ကျင်းမြို့တွင် ငလျင်လှုပ်ခတ်
နော်နိုရင်း
·
November 20, 2012
နိုဝင်ဘာလ ၁၉ ရက်နေ့ည သန်းခေါင်ယံမတိုင်ခင်လောက်မှာ မန္တလေးတိုင်း သပိတ်ကျင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၁၆ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၅ ဒဿမ ၃ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ခဲ့တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ပါတယ်။
ဒီငလျင်သတင်းနဲ့ပတ်သက်ပြီး သပိတ်ကျင်းရဲစခန်းကို မေးမြန်းကြည့်ရာမှာတော့ မနေ့ည ၁၂ နာရီလောက်က ငလျင်လှုပ်ခတ်ခဲ့ပြီး အပျက်အစီး တစုံတရာမရှိကြောင်း ပြောပါတယ်။
“သပိတ်ကျင်းမှာ ည ၁၂ နာရီလှုပ်ပါတယ်။ လောလောဆယ် သပိတ်ကျင်းမှာတော့ အပျက်အစီးတစုံတရာမရှိပါဘူး။ ကျနော်တို့နဲ့ ၁၆ မိုင်အကွာဘက်မှာလည်း ဘာမှအပျက်အစီးမရှိပါဘူး။”
နိုဝင်ဘာလ ၁၁ ရက် မနက်ပိုင်းက ရွှေဘိုမြို့ရဲ့အရှေ့မြောက်ဘက် ၃၅ မိုင်အကွာမှာ ဗဟိုပြုတဲ့ အင်အားရစ်ခ်ျတာစကေး ၆ ဒဿမ ၈ ရှိ အင်းအားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့တဲ့အတွက် လူ ၃၀ ခန့် သေဆုံးခဲ့ရပြီး နေအိမ်၊ အဆောက်အဦ အများအပြား ပျက်စီးခဲ့ရပါတယ်။
ဒီနောက် ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအတွင်း အင်အားအသင့်အတင့် ရှိတဲ့ငလျင်နဲ့ အင်အားနည်းငလျင်တွေ ၅ ကြိမ်ထက်မနည်း ဆက်တိုက်လှုပ်ခတ်ခဲ့ပါသေးတယ်။