မောင်တော ပင်လယ်ကမ်းခြေရွာတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လေ့ကျင့်
DVB
·
June 16, 2019
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ပင်လယ်ကမ်းခြေကျေးရွာဖြစ်တဲ့ ကျောက်ပန္ဒူကျေးရွာ မှာ ကျေးရွာလူထုအခြေပြု သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလေ့ကျင့်တာတွေ ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဇွန် ၁၆ ရက်နေ့က မနက်ပိုင်းမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးပြီး မီးသတ်ဦးစီးဌာနနဲ့ မောင်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်တွေဟာ ကျောက်ပန္ဒူ ပင်လယ်ကမ်းခြေကျေးရွာမှာ ကျေးရွာလူထုအခြေပြု သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး လေ့ကျင့်တာတွေ ပြုလုပ်ခဲ့တာပါ။
အခုလို ပြုလုပ်ရတာဟာ သဘာဝဘေး အန္တရယ်ဆိုသည်မှာ ကြိုတင်ပြင်တာတွေ များများလုပ်နိုင်လေ တကယ့်လက်တွေ့ဖြစ်တဲ့အချိန်မှာ ဆုံးရှုံးလျှော့ချလာနိုင်လေဖြစ်ကြောင်း လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာနဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကြည်က ပြောပါတယ်။
ကျေးရွာ လူထုအခြေပြု သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လေကျင့်မှု ကြိုတင်လေ့ကျင့်ရေးမှာ ကျေးရွာသူ/သားတွေကို သဘာဝဘေးအန္တရယ်ဖြစ်တဲ့ မုန်တိုင်း အရေးပေါ် အခြေအနေကျရောက်လာပါက ကြိုတင်ပြင်ဆင်ထားရမယ့်အချက်တွေကို ဟောပြောတာ၊ ပရိုဂျက်တာတွေနဲ့ ရှင်းလင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။
အခုလို ကျေးရွာလူထုအခြေပြု သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလေ့ကျင့် တာတွေကို မောင်တောမြို့နယ်အတွင်း ပထမဆုံးအကြိမ်ပြုလုပ်တာလည်း ဖြစ်ပါတယ်။
ကျောက်ပန္ဒူ ကျေးရွာမှာ အိမ်ခြေ ၁၇၈ စု၊ လူဦးရေ ၁၃၀၀ ကျော်နေထိုင်တဲ့ ကမ်းခြေတိုင်းရင်းသား ကျေးရွာတခုဖြစ်ပါတယ်။
ကျော်လင်းဦး