အမျိုးသားနိုင်ငံရေး ဆောင်ရွက်ရာတွင် အစွန်းရောက်၍ မရဟု ကာချုပ်ပြော
DVB
·
June 16, 2019
အမျိုးသားနိုင်ငံရေး ဆောင်ရွက်ရာမှာ အစွန်းရောက်လို့ မရဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဇွန် ၁၄ ရက်နေ့က ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေ၊ သင်တန်းသားအရာရှိကြီးတွေ၊ ကလောတပ်နယ် အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံရာမှာ ပြောခဲ့တာပါ။
တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေပြီး ကာကွယ်ရေး တာဝန်ဆိုတာ တိုက်ပွဲဝင်နေရုံသာမက နိုင်ငံတည်ဆောက်ရေးလုပ်ငန်း၊ နိုင်ငံ့အရေး လုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
တပ်မတော် အနေနဲ့ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးဦးဆောင်မှုတွေလုပ်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ တပ်မတော်က နိုင်ငံတော်တာဝန် အရပ်ရပ်ကို တာဝန်ယူဆောက်ရွက်ချိန်မှာ နိုင်ငံရေး အရ၊ စီးပွားရေးအရ၊ တိုင်းရင်းသားရေးအရ၊ အမျိုးဘာသာသာသနာအရ၊ ဘာသာရေး အရ အမြင်မတူဘဲ သဘောထားကွဲလွဲတာတွေရှိပြီး နည်းလမ်းပေါင်းစုံနဲ့ ဝေဖန်၊ တိုက်ခိုက် ပြောဆိုတာတွေ ရှိတယ်လို့ ဆိုပါတယ်။
၂၀၁၁ ခုနှစ်မှာတော့ ပြည်သူတွေလိုလားတဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်ရေး တပ်မတော်က ဆောင်ရွက်ခဲ့ပြီး အခုအခါ တပ်မတော်အနေနဲ့ နိုင်ငံတော် ကာကွယ်ရေးတာဝန်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းဆောင်နေတယ်လို့ ပြောပါတယ်။
ပြီးတော့ တပ်မတော်ဟာ ပြည်သူတွေကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့ တပ်မတော်ဖြစ်တာကြောင့် ပြည်သူတွေ လိုလားတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ဖြစ်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရှိနေသေးလို့ ငြိမ်းချမ်းရေးရအောင် လုပ်နေသလို နိုင်ငံရေးအရ တည်ငြိမ်မှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုမရှိသေးတာ၊ စိန်ခေါ်တာတွေ ရှိနေလို့ တပ်မတော်ရဲ့ စွမ်းပကားရှိနေဖို့လိုပြီး လေ့ကျင့်ရေးအမျိုးမျိုးကို လုပ်နေရတာလို့လည်း ပြောပါတယ်။