Home
မြန်မာသတင်း
ဝရမ်းပြေး၊ ဝိနည်းသိက္ခာ မစောင့်ထိန်းသူသည့် သင်္ကန်းဝတ်သာဖြစ်၊ ဆရာတော်ဟု လုံးဝမခေါ်ထိုက်
DVB
·
June 16, 2019
ဥပဒေကျူးလွန်သူ ဝရမ်းပြေး၊ ရာဇဝတ်ပြစ်မှုပြစ်ဒဏ်ထိုက်သူ၊ အာဏာစက်နဲ့ အရေးယူ ခံရသူ၊ သာသနာတော်ကို အလေးမထားသူ၊ ဝိနည်းသိက္ခာပုဒ်ကို မစောင့်ထိန်းသူဟာ သင်္ကန်းဝတ်ပဲဖြစ်ပြီး ဆရာတော်လို့ လုံးဝ မခေါ်သင့်ဘူးလို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သာသနာ့တာဝန်ထမ်းနေတဲ့ ဆရာတော်၊ သံဃာတော်တွေကို ကြည်ညို ဂါရဝနဲ့ ဆရာတော်လို့ သုံးနှုန်း ဖော်ပြထိုက်ပေမယ့် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကိစ္စနဲ့ မသက်ဆိုင်တဲ့ တခြားရေးရာကိစ္စတွေမှာ ရှုပ်ထွေးအောင်လုပ်နေတဲ့ ရဟန်းပုဂ္ဂိုလ်တွေကို ဆရာတော်လို့ ဝေါဟာရ သုံးနှုန်း ဖော်ပြနေတာဟာ သာသနာတော် ညှိုးနွမ်းစေတာကြောင့် မခေါ်ထိုက်တာကို ဂရုပြုသင့်တယ်လို့ ဒီနေ့ပဲ ထုတ်ပြန်လိုက်တာပါ။ ရဟန်းဆိုတာဟာ သေခိယ ၇၅ ပါး အပါအဝင် သိက္ခာပုဒ် ၂၂၇ ခုကို စောင့်ထိန်းမှ ခေါ်ရမှာ ဖြစ်ပြီး သိက္ခာပုဒ်ကို မချစ်မြတ်နိုးဘဲ အလွယ်တကူဖျက်ဆီးသူကို အလဇ္ဇီ (မရှက်တတ်သူ)၊ မကြာခဏ ဝိနည်း သိက္ခာပုဒ်ကျူးလွန်သူကို ဒုဿီလ (သီလမရှိသူ) လို့ ခေါ်ရမယ်လို့ ဆိုပါတယ်။ အလဇ္ဇီ၊ ဒုဿီလစာရင်းဝင်နေပြီး သိက္ခာပုဒ်တွေကို ပြောင်ပြောင်တင်းတင်း မျက်နှာပြောင်တိုက် ကျူးလွန်သူကို ဆရာတော်လို့ မခေါ်ထိုက်ဘူးလို့လည်း ဆိုပါတယ်။ သာသာနာ့ဝန်ထမ်းတွေရဲ့ အဓိက တာဝန်ဟာ ပရိယတ္တိသာသနာနဲ့ ပဋိပတ္တိသာသနာကိုပဲ ကျင့်ကြံအားထုတ်ရမှာဖြစ်ပြီး သံဃာ့အဖွဲ့အစည်းတွေရဲ့ သြဝါဒ မခံယူသူ၊ ဝိနည်းသိက္ခာနဲ့အညီ မကျင့်ကြံသူ၊ နိုင်ငံရေး လူမှုရေးကိစ္စတွေမှာ ဝင်ရောက်ဆောင်ရွက်ပြီး ရပ်ရွာအေးချမ်းသာယာရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်အောင် သွေးထိုးလှုံ့ဆော်သူ၊ သာသနာတော်ညှိုးနွမ်းစေသူတွေဟာ ရဟန်းမဖြစ်ထိုက်ဘူးလို့ ဆိုပါတယ်။ သူတို့ဟာ သင်္ကန်းဝတ်အရေခြုံတွေပဲ ဖြစ်ပြီး မြန်မာနိုင်ငံတဝန်းမှာ သူတို့ရဲ့ ပြုမူဆောင်ရွက်ချက်တွေကြောင့် ထေရဝါဒဗုဒ္ဓသာသနာရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းနေရတယ်လို့လည်း ဆိုပါတယ်။ အဲဒီ အလဇ္ဇီ၊ ဒုဿီလတွေကြောင့် ဒီအချိန်မှာ ဗုဒ္ဓသာသာနာဟာ ညှိုးနွမ်းနေပြီး အခြေအနေအချိန်အခါနဲ့အညီ သာသနာတော် သန့်ရှင်းရေးလုပ်နိုင်မှ ထေရဝါဒ အုတ်မြစ် ခိုင်နိုင်မှာဖြစ်ပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၊ အစိုးရနဲ့ ပြည်သူတို့တက်ညီလက်ညီ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024