Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်တွင် ဒေသခံတဦး မိုင်းနင်းမိပြီး ဒဏ်ရာရ
နန်းမြနဒီ
·
November 19, 2012
ရှမ်းပြည်တောင်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ ရွာသူတဦး  မြေမြှုပ်မိုင်းကြိုး နင်းမိမှု၊ ဗုံးပေါက်ကွဲမှုတွေ ဒီနေ့ မနက်အစောပိုင်းမှာ ဖြစ်ခဲ့ပါတယ်။ ကျောက်မဲမြို့နဲ့ ၁ မိုင်အကွာ ပိန္နဲကုန်းကျေးရွာအုပ်စု ပကာရွာက အသက် ၃၀ နှစ်ရွယ် နန်းအေးဌေးဟာ   ဒီနေ့ မနက်  ၇ နာရီခွဲက  တောင်ယာသွားရင်း လမ်းတ၀က်မှာ မိုင်းကြိုးတခု နင်းမိပြီး ခြေတောက် ၂ ဘက်လုံး  ဒဏ်ရာရသွားတယ်လို့ ကျောက်မဲမြို့နယ် ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းသန်းမောင်က ပြောပါတယ်။ “ရွာကနေ ကျနော်တို့ဆီ အကြောင်းကြားလာတော့ ရဲနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးဆီ အကြောင်းကြားပေးလိုက်တော့ သူတို့သွားတယ်၊ စစ်တပ်ကလည်း စစ်ကားနဲ့သွားပြီး ပိတ်ဆို့ထားပြီး သတင်းသမားတွေလည်း ၀င်ခွင့်မပေးဘူး၊ မေးမြန်းခွင့်မရှိဘူး၊ ပိတ်ဆို့ထားတယ်။ ဒါပေမယ့် လူငယ်မောင်မယ် စာပေယဉ်ကျေးမှုအဖွဲ့က ဆေးရုံမှာသွားမေးတာ ဓာတ်ပုံရိုက်လာတာတော့ ရှိတယ်၊ ဖြစ်ပွားတဲ့နေရာတော့ သွားလို့မရဘူး။ ဒီ မိုင် ၂၀၊ ၃၀ အတွင်းမှာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှမရှိဘဲ ဗုံးပေါက်ကွဲမှုဖြစ်တယ်ဆိုတော့ စဉ်းစားစရာတော့ ဖြစ်တယ်။” ဒီဒေသမှာ မိုင်းပေါက်ကွဲမှုကလည်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သူက  ပြောပါတယ်။ ဒါ့အပြင် ကျောက်မဲမြို့ရဲ့ အနောက်မြောက်ဘက်က ပလောင်ရွာသားတွေ အများဆုံးနေထိုင်တဲ့ နောင်ပစ်ရွာမှာလည်း ဒီနေ့ မနက် ၂ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်။ ထိခိုက်ဒဏ်ရာနဲ့ အပျက်အစီးသတင်းတော့ မသိရသေးဘူးလို့ စိုင်းသန်းမောင်က ဆက်ပြောပါတယ်။ ကျောက်မဲမြို့နယ် မိုင် ၆၀ အကွာ မိုင်းငေါ့မြို့နယ်ခွဲထဲက မန့်ပေါ့၊ တာ့လုံနဲ့ မန့်လုံ  စတဲ့ ရွာ ၃ ရွာမှာလည်း ပြီးခဲ့တဲ့ လကုန်ပိုင်းနဲ့ ဒီလဆန်းပိုင်းမှာ ညအချိန်မတော် ရွာထဲလက်နက်ပစ်ခတ်မှုဖြစ်ပွားပြီး ရွာသူကြီးတဦးနဲ့ ကျေးရွာပြည်သူ့စစ်တဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ ကျောက်မဲမြို့နယ်ထဲမှာ အခုလို မငြိမ်မသက်မှုတွေ ဖြစ်နေတဲ့အတွက် ဒေသခံရွာသားတွေကြား လယ်ယာ လုပ်ငန်းခွင်ဝင်ဖို့ မ၀ံ့မရဲဖြစ်နေကြပြီး ကထိန်ခင်းဖို့ အစီအစဉ် ဖျက်လိုက်ရတာတွေ ရှိနေကြောင်း၊ လာမယ့် ရှမ်းနှစ်သစ်ကူးနဲ့ ကောက်သစ်အလှူပွဲ ကျင်းပဖို့လည်း  လုံခြုံရေး စိုးရိမ်ကြောင့်ကြမှု ရှိနေတယ်လို့ ဦးစိုင်းသန်းမောင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024