Home
မြန်မာသတင်း
အပူချိန်လျော့ချရေးအတွက် ချောက်မြို့တွင် ပျိုးပင် ၁ သောင်း စိုက်ပျိုးမည်
DVB
·
June 15, 2019
အခုနှစ်နွေရာသီမှာ အပူချိန် မြင့်တက်ခဲ့တဲ့ မကွေးတိုင်း ချောက်မြို့နယ်မှာ စိုက်ပျိုးဖို့အတွက် အပူပိုင်း စိမ်းလန်း စိုပြေရေးဦးစီးဌာနက ဒေသနဲ့ ကိုက်ညီတဲ့ ပျိုးပင် ၁ သောင်းပေးအပ်ခဲ့ပါတယ်။ ချောက်မြို့နယ် အပူချိန်လျော့ချရေးကော်မတီကို ဇွန်လ ၁၅ ရက်နေ့က ပေးအပ်ခဲ့တာဖြစ်ပြီး တစ်နှစ်သားကနေ သုံးနှစ်သားအရွယ်ရှိတဲ့ ပျိုးပင် ၈ မျိုးပေးအပ်ခဲ့တာလို့ အပူပိုင်းစိမ်းလန်းစိုပြေရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစွန်ထွေးက ပြောပါတယ်။ “ဒီအပင် ၁ သောင်းလွှဲပြောင်း ပေးအပ်တယ်ဆိုတာက ချောက်အပူချိန် တကယ်လည်း လျှော့ချချင်တာ၊ တကယ်လည်း ဒီကအဖွဲ့တွေက လိုလိုလားလားစိုက်ပျိုးချင်တာ၊ ရှင်သန်အောင်လည်း စိုက်ဖို့ စိတ်လည်းရှိလို့။ အပင်တစ်သောင်းပေးတယ်ဆိုတာ ဘယ်မှမရှိခဲ့ဘူး၊ ဌာနကနေ အလွန်ဆုံးပေး လေးရာ၊ ငါးရာပါပဲ။ တက္ကသိုလ်ကြီးတွေ စိုက်တာတောင် နှစ်ထောင်သုံးထောင်ပဲ ပေးတာရှိပါတယ်။” ချောက်မြိုနယ် အပူချိန်လျှော့ချရေး ကော်မတီကို အခုနှစ်အပူချိန် မြင့်တက်လာပြီး မေလ ၉ ရက်နေ့က ဒေသခံအသင်းအဖွဲ့ ပေါင်းစုံနှင့် စတင်ဖွဲစည်းခဲ့တာပါ။ ကော်မတီနဲ့အတူ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင် နှစ် ၁၀၀ ပြည့် အကြိုအဖြစ် သစ်ပင်စိုက်ပွဲကို ဇွန် ၁၈ ရက်နေ့မှာ စိုက်ပျိုးသွားမယ်လို့ ဦးဆောင်ကော်မတီမှ ဦးမင်းနိုင်က ဒီဗွီဘီ ကို ပြောပါတယ်။ “စိုက်ကွင်းနေရာကို သုံးနေရာရွေးချယ်ထားတာ။ အမှတ် ၁ ရပ်ကွက် ရှစ်မျက်နှာဘုရားကုန်း စိုက်ခင်း ၁ မှာက ​ဒေသခံပြည်​သူ အဖွဲ့အစည်းအားလုံးအင်​အားနဲ့ သစ်ပင်ကျင်း ငါးထောင်တူးပြီး နှုန်းမြေ နွာချေးထည့် ဆောင်ရွက်နေပြီး ရေလောင်းဖို့လည်း ပိုက်လိုင်းတွေ သွယ်တန်းထားတယ်။ စိုက်ခင်း ၂ အမှတ် ၁၀ အေးစေတီရပ် ရွှေတိဂုံပုံတူ ဘုရားနားမှာလည်း အပင်ငါးထောင် ရည်ရွယ်ထားတာ၊ တစ်ထောင်တူးပြီးနေပြီ။ စိုက်ခင်း ၃ နေရာကိုတော့ မစရသေးဘူး၊ အလှူငွေလည်း လိုနေသေးတော့ ရရှိလာတဲ့ ငွေပေါ်မူတည်ပြီး ဖြည့်စွက်ဆောင်ရွက်သွားမှာ။” ​ချောက်​မြို့ရဲ့ အပူချိန်​ဟာ ပြီးခဲ့တဲ့ ​မေ ၉ ရက်​​နေ့ တိုင်းတာချက်​မှာ အမြင်​ဆုံးစံချိန်​သစ်​ ၄၇.၁ ကို ​ရောက်​ရှိခဲ့ပြီး​နောက်​ အပူရှိန်​​ကြောင့်ဖြစ်​တဲ့ heat stroke ရောဂါကြောင့် ​သေဆုံးသူ သုံးဦးရှိခဲ့ပါတယ်။ အပူ​ရှောင်​စခန်းတွေနဲ့ အပူ​သက်​သာ​စေ​ရေး အခမဲ့​ရေချိုးစခန်းတွေ ကိုလည်း ဖွင့်လှစ်​​ပေးခဲ့ရပါတယ်။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024