မြေလွတ်မြေရိုင်း

မြေလွတ်မြေရိုင်း (ဥပဒေရေးရာ အမေးအဖြေ) မြေလွတ်မြေရိုင်း နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က မေးမြန်းလာတာတွေကို ဦးဇော်မင်း (မြေယာဥပဒေနှင့် မြေယာ စီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းများ အတိုင်ပင်ခံ) အား ဒီဗွီဘီသတင်းထောက် နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။  မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီက နိုဝင်ဘာ ၂ ရက်နေ့စွဲဖြင့် မြေလွတ်၊ မြေ လပ်နှင့် မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကျနော်တို့ တောင်တန်းဒေသမှာ ဘိုးဘွားအစဉ်အဆက်က လုပ်ကိုင်စားသောက်နေတဲ့ ယာမြေကို အကြောင်းအမျိုးမျိုးကြောင့် မလျှောက်နိုင်ခဲ့ဘူးဆိုရင် တရားစွဲခံရနိုင်ပါသလား။ ဖြေ။ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၂၂ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁) မှာ ခွင့်မိန့်မရှိဘဲ မြေလွတ်မြေရိုင်းအား အသုံးပြုနေသူများသည် ၂၀၁၈ ပြင်ဆင်ချက် ဥပဒထုတ်ပြန်သည့် နေ့ရက်မှ ၆ လ အတွင်း မလျှောက်ထားဘဲ ဆက်လက် အသုံးပြုနေခဲ့လျှင် သိမ်းယူခြင်း ဖယ်ရှားခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ထို့အပြင် ပုဒ်မ ၂၂ (ခ) ပုဒ်မခွဲငယ် ၃ တွင် ပုဒ်မခွဲငယ် ၁ နှင့် ၂ တို့ကို မလိုက်နာပါက အရေးယူခြင်းခံရမည်ဖြစ်ကြောင်းဖော်ပြထားပါတယ်။ မလိုက်နာပါက အရေးယူနိုင်သည့် ပုဒ်မ ၂၇ ဖြစ်ပါတယ်။ အခုမေးသလို တောင်တန်းဒေသမှာ သော်လည်းကောင်း၊ ပြည်ထောင်စု တစ်ဝှမ်းလုံးရှိ မြေရိုင်းများတွင် ဒါမဦးချ တောတိုး ခုတ်ထွန်၍ ကျေးလက်ဒေသ အခြေချနေထိုင်လုပ်ကိုင်နေသည့် ဒေသခံတောင်သူများအနေဖြင့် လည်းကောင်း ဘိုးဘွားအစဉ်အဆက်က လုပ်ကိုင်စားသောက်နေတဲ့ ယာမြေကို အကြောင်းအမျိုးမျိုးကြောင့် မလျှောက်နိုင်ခဲ့ဘူးဆိုက တရားစွဲခံရနိုင်ပါလားဆိုရင် အထက်ပါ ဥပဒေပြဌာန်း ချက်များအရ တရားစွဲဆို အရေးယူနိုင်တာ တွေ့ရပါမယ်။ သို့သော် မြေလွတ် မြေလပ်နှင့် မြေရိုင်များ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ရှင်းလင်းချက်ကတော့ ၆ လကျော်သည်ထိ မလျှောက်သော်လည်း တရားစွဲဆို အရေးမယူပါကြောင်း။ သို့သော် ယင်းနေရာကို အပြိုင်လျှောက်သူများရှိလာက လက်ရှိပုဂ္ဂိုလ် နစ်နာမည်ဖြစ်ကြောင်းဟု ဖြေကြားချက်ရှိသည်ကို အသိပေးလိုပါတယ်။ မေး။ ကျနော်တို့ဒေသမှာ နွေရာသီရောက်တိုင်း မြေနုကျွန်းမှာ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး မကြာခဏ အငြင်းပွားမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ မြေနုကျွန်းလုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုဥပဒေတွေရှိပါသလဲ။ မြေနုကျွန်းကနေ မြေရင့်ကျွန်းအဖြစ် ဘယ်လိုသတ်မှတ်သလဲဆိုတာ သိလိုပါတယ်။ ဖြေ။ ယခင်က ၁၉၆၃ သီးစားချထားရေး နည်းဥပဒေ၊ ၁၆ အရ မြေနုကျွန်းလုပ်ကိုင်ခွင့်များ ချထားပေးခဲ့ပါသည်။ ယခုအချိန်မှာတော့ ၂၀၁၂ လယ်ယာမြေ နည်းဥပဒေ အခန်း ၁၂၊ နည်း ၁၀၃ မှ ၁၁၂ ပါပြဋ္ဌာန်းချက်များအရ ချထားပေးပါတယ်။ မြေနုကျွန်းလုပ်ပိုင်ခွင့်ဆိုတာ တနှစ်တရာသီအတွက်သာ ချရပါတယ်။ နောက်နှစ်အတွက် အာမခံပါဘူး။ မြေနုကျွန်းဆိုတာ တည်နေရာ၊ ပုံစံ၊  ဧရိယာ မြေသား ဖွဲစည်းပုံများ နှစ်စဉ်ပြောင်းလဲမှုရှိပြီး ခိုင်မြဲမှု မရှိသည့် မြေဖြစ်ပါတယ်။ မြေနုကျွန်းချထားသည့် အခြေခံမှုများကတော့ လုပ်ကိုင်ခွင့်ကို နှစ်စဉ်၊ တနှစ် တရာသီအတွက်သာ ချရပါတယ်။ မြေနုကျွန်းချထားရာတွင် မြေနုကျွန်းနှင့် အနီးကပ်ဆုံးကျေးရွာများကို သတ်မှတ်ရမည်။ ကျေးရွာ နယ်နိမိတ်နှင့် မနိုင်းယှဉ်ရဘဲ အနီးကပ်ဆုံးသာ ကျေးရွာများရဲ့ ရွာစည်းရိုးနှင့် မြေနုကွန်း ပေါ်ရှိ လုပ်ကိုင်နိုင်သော မြေ၏ အနားရေးတို့၏ အတိုဆုံးအကွာအဝေးကို နှိုင်းယှဉ်ရမည်။ အနီးကပ်ဆုံး ကျေးရွာများမှ စီးပွားရေးစစ်တမ်းအရ ထွန်ယက်စိုက်ပျိုးနိုင်သော အင်အားရှိသည့် လယ်မဲ့ယာမဲ့များ သူရင်းဌားများ လယ်ယာလုပ်သားများကိုသာ လျာထားပေးရမည်။ ဒေသပတ်ဝန်းကျင်ရှိ သာမာန်တောင်သူတယောက် ခံစားရနိုင်သော အကျိုးအမြတ် ပမာဏတက် မပိုသော အကျိုးခံစားနိုင်မယ့် ဧရိယာကို ခွဲဝေချထားမှုပြုရမည်။ အထက်ပါ ပမဏအရ အနီးဆုံးကျေးရွာရှိ လုပ်ပိုင်ခွင့် ရထိုက်သူများအတွက် ခွဲဝေချထားပေးပြီးသော်လည်း မြေပိုလျှံသေးပါက ဒုတိယအနီးဆုံး တတိယအနီးဆုံး ကျေးရွာများမှ လယ်မဲ့ယာမဲ့များ သူရင်းဌားများ လယ်ယာလုပ်သားများကို ဆက်လက်ခွဲဝေချထားပေးရမည်။ ခွဲဝေဧရိယာများကို အကွက်ရိုက် အမှတ်စဉ်တပ်ပြီး မဲစနစ်ဖြင့် ချထားပေးရမည်။ မြေနုကျွန်းလုပ်ပိုင်ခွင့်အတွက် မြို့နယ်တမြို့နယ်အတွင်း ရပ်၊ကျေးအချင်းချင်း အငြင်းပွားကလည်းကောင်း၊ ခရိုင်တခုအတွင်း မြို့နယ်အချင်းချင်း အငြင်းပွားက လည်းကောင်း တိုင်ဒေသကြီး (သို့) ပြည်နယ်တခုအတွင်း ခရိုင်အချင်းချင်း အငြင်းပွားခြင်းဖြစ်ပါက လည်းကောင်း သက်ဆိုင်ရာ လယ်စီအဖွဲ့များသည် ကွင်းဆင်း ညှိနှိုင်းမြေရှင်၍ တိုင်းဒေသကြီးသိုမဟုတ် ပြည်နယ်လယ်စီအဖွဲ့ အဆုံးအဖြတ်ကို ခံယူရမည်။ တိုင်းဒေသကြီး (သို့) ပြည်နယ်အချင်းချင်း အငြင်းပွားပါက ဗဟိုလယ်စီအဖွဲ့သို့ တင်ပြ၍ ဆုံးဖြတ်ခံယူရမည်။ မြေနုကျွန်းနယ်နိမိတ်အတွက် အမြော်မြင်ဖြင့်လည်းကောင်း အုပ်ချုပ်ရေး နယ်နိမိတ်အရ လည်းကောင်း ခွဲခြား ဖြေရှင်းဆာင်ရွက် နိုင်သည်။ အဆိုပါ မြေနုအနေဖြစ့် နယ်နိမိတ်ပုံစံ တည်မြဲသွားပြီး ပြောင်းလဲမှု မရှိတော့ဘဲ စိုက်ပျိုးမြေအဖြစ် တည်ငြိမ်သွားသည့်အခါ မြေရင်းအဖြစ် ပြောင်းလဲသတ်မှတ်၍ ကွင်းတိုင်းတာပြီး ကိုင်းမြေအမျိုးအစားအဖြစ် သတ်မှတ်ပေးရပါတယ်။ မေး။ မြေလွတ်မြေလပ်မြေရိုင်းတွေကို လုပ်ပိုင်ခွင့်ရယူထားသူတွေ ဘာမှမစိုက်ပဲထားလို့ အစိုးရက ပြန်သိမ်းနေတာတွေ့ရပါတယ်။ သိမ်းပြီးသားမြေတွေကို မူလကတည်းက လုပ်ကိုင်ခဲ့တဲ့ တောင်သူဖြစ်စေ၊ ဒေသခံတွေဖြစ်စေ တရားဝင် ဖြစ်အောင် ဘယ်လိုလျှောက်ထားရမလဲဆိုတာကို သိလိုပါတယ်။ ဖြေ။ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် ပေးထားသည့်မြေတွေ၊ မစိုက်ပျိုးလို့ ပြန်သိမ်းမြေတွေကို မူလတောင်သူများ၊ ဒေသခံတောင်သူများ လျှောက်နိုင်ပါတယ်။ လျှောက်ထားနိုင်အောင် ဥပဒေက ပြဆိုထားပါတယ်။ မူလ ၂၀၁၂ မြေလွတ် မြေလပ်နှင့် မြေရိုင်များ စီမံခန့်ခွဲရေး ဥပဒေမှာ ကျေးလက်ဒေသနေ တနိုင်တပိုင် စိုက်ပျိုးမည့် ဒေသခံ တောင်သူလယ်သမားနှင့် အိမ်ထောင်သားစုအတွက် တကြိမ်လျှင် ၁၀ ဧက စီဖြင့် ဧက ၅၀ ထိ လုပ်ပိုင်ခွင့်ပြုရန်သာ ပါရှိပေမယ့် ၂၀၁၈ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ ပြင်ဆင်ချက် ဥပဒေမှာတော့ ကျေးလက်နေ တနိုင်တပိုင် စိုက်ပျိုးမည့်သူများသို့ ၁၀ ဧက ချထားမည့် နည်းလမ်းအပြင် လယ်မဲ့ ယာမဲ့များ အသုံးပြုလိုသည့် လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုရေး မွေးမြူရေးဆောင်ရွက်လိုသည့် ဒေသခံများအတွက်ပါ ခွင့်ပြုနိုင်အောင် ပုဒ်မ ၅ က အဖြစ် ဖြည့်စွက်ပြင်ဆင်ထားပါတယ်။ ပုဒ်မ ၅ (က) မြေယာမဲ့နိုင်ငံသား လုပ်ကွက်ငယ်တောင်သူလယ်သမားများသည် နိုင်ငံတော်အတွင်းရှိ မြေလွတ် မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေး မွေးမြူရေးနျင့် ယင်းနှင့် ဆက်နွယ်လျှက်ရှိသော စီးပွားရေးလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်အသုံးပြုခွင့် ရရှိလိုပါက သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားနိုင်သည်။ လျှောက်ထားရန်အတွက် လုပ်ထုံးလုပ်နည်းတွေကို ကြေညာချက်ထဲမှာ အသေးစိတ်ဖော်ပြထားပါတယ်။ မေး။ အညာဒေသရဲ့ အမှတ်အသားတခုဖြစ်တဲ့ ထန်းတောတွေ ဈေးကောင်းပေးဝယ်သူရှိနေလို့ ခုတ်ရောင်းနေကြတာ တဖြည်းဖြည်းနဲ့ လျော့ပါးနေပါပြီ။ ထန်းတောမရှိတဲ့ အညာဖြစ်သွားမှာ စိုးရိမ်ပါတယ်။ ထန်းတောတွေကို ခုတ်လှဲနေတာနဲ့ ပတ်သက်ပြီး ဥပဒေအရ အကာအကွယ်မရှိဘူးလား။ အကာအကွယ်ရအောင် ဘယ်လို လုပ်သင့်သလဲဆိုတာကို သိပါရစေ။ ဖြေ။ ယခင် ၁၉၆၃ သီးစားချထားရေးဥပဒေအရ မြေယာကော်မတီတွေက လုပ်ပိုင်ခွင့် ချထားပေးတဲ့ နိုင်ငံတော် လယ်ယာမြေမှာ နှစ်ရှည်သီးပင်တွေလည်း အကျုံးဝင်ပါတယ်။ ထန်းပင်ဟာ နှစ်ရှည်သီးနှံဖြစ်လို့ မြေယာကော်မတီတွေက လုပ်ပိုင်ခွင့်ချထားနိုင်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ထန်းပိုင်ရှင်တွေက သူတို့သဘာဝအလျောက် ထန်းကို ချထားခွင့်မရှိပါဘူး။ မြေယာကော်မတီကသာ ထန်းသီးစား ဒါမှမဟုတ် ထန်းလုပ်ပိုင်ခွင့် ချထားနိုင်ပါတယ်။ ထန်းလုပ်ကိုင် အကျိုးခံစားခွင့် ချထားပေးတယ်လို့ ဆိုပါတယ်။ ထန်းလုပ်ကိုင် အကျိုးခံစားခွင့် ရသူတွေကို မြို့နယ် ကျေးရွာ မြေယာကော်မတီတွေက ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေအရ သီးစားအဖြစ် မှတ်ပုံတင်ထားပေးရပါတယ်။ ထန်းလုပ်ပိုင်ခွင့် အငြင်းပွားမှုတွေကို မြေယာမှုခင်း အမျိုးအစားမှာ ထည့်သွင်းဖြေရှင်း ဆောင်ရွက်ပါတယ်။ ထန်းလုပ်ပိုင်ခွင့် မှတ်ပုံတင်ပေးထားခြင်း ခံရသူကသာ ထန်းကို တနှစ်ပတ်လုံး လုပ်ကိုင်အကျိုးခံစားခွင် ရရှိမည်ဖြစ်ပြီး ထန်းပိုင်ရှင်အနေနဲ့ ထန်းထွက်ပစ္စည်း ကြိုတင်ရောင်းချတဲ့ တန်ဖိုးကိုသာ ရပ်ရွာနှုန်းထားအရ ထန်းလုပ်ပိုင်ခွင့်ရရှိသူထံမှ ရရှိနိုင်ပါတယ်။ သီးစားခဆိုတဲ့ အသုံးအနှုန်းပါ။ ထန်းလုပ်ပိုင်ခွင့် သတ်မှတ်ရာမှာ ထန်းပင်တွေ အရှည်သဖြင့် လုပ်ကိုင်အကျိုးခံစားနိုင်ဖို့အတွက် ဘယ်သူမဆို ထန်းပင်တွေကို မတရားသဖြင့် ဖျက်လိုဖျက်ဆီးပုံစံသဘော စည်းကမ်းမဲ့ ခုတ်လှဲပစ်ခြင်း၊ ထန်းလက်တွေကို လိုအပ်တဲ့ အတိုင်းအတာထက် ပိုမိုခုတ်ပစ်ခြင်း မပြုလုပ်ဖို့ စည်းကမ်းချက်တွေ သတ်မှတ် ထိန်းသိမ်း စေခဲ့ပါတယ်။ မလိုက်နာရင် သီးစားပုဒ်မ ၁၂ အရ အရေးယူဆောင်ရွက်ရပါတယ်။ အဲဒီထန်းလုပ်ပိုင်ခွင့် ညွှန်ကြားချက်တွေနဲ့ ယခင်မြေယာကော်မတီခေတ်က ထန်းပင်များကို စည်းကမ်းထိန်းသိမ်းခဲ့ပါတယ်။ ဒီ လုပ်ထုံးလုပ်နည်းတွေ ဆက်လက် တည်ရှိနေမယ်ဆိုရင် အခုကဲ့သို့ ထန်းပင်တွေ စည်းကမ်းမဲ့ ခုတ်လှဲနေတာတွေကို တားဆီးနိုင်မယ်လို့ ထင်ပါတယ်။ ယခု ၂၀၁၂ လယ်ယာမြေဥပဒေမှာ ထန်းလုပ်ပိုင်ခွင့် အတွက် မှတ်ပုံတင်ရန် မပါရှိခဲ့သလို ၆၄ သီးစားဥပဒေ မှာလည်း ရုပ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ထန်းပင်တွေ ခုတ်လှဲမှုအပေါ် စည်းကမ်းသတ်မှ ထိန်းသိမ်းရန် အခက်အခဲ ဖြစ်ရပါတယ်။ ထန်းပင်တွေ စည်းကမ်းခုတ်လှဲမှုကို တားဆီးနိုင်ဖို့ ဒေသန္တရ အမိန့်တရပ်ထုတ်ပြန် ဆောင်ရွက် ထိန်းသိမ်းမှာလား၊ လယ်ယာမြေဥပဒေမှာ အရင်ကလို ထန်းလုပ်ပိုင်ခွင့်နှင့် ထန်းလုပ်ပိုင်ခွင့် မှတ်ပုံတင်ပေးခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း ကိစ္စရပ်တွေကို ဖြည့်စွက်ထည့်သွင်းပြီး စည်းကမ်းချက်တွေ ထုတ်ပြန်ပြီးထိန်းသိမ်းမှာလား၊ တခုခုတော့ လုပ်သင့်တယ်လို့ ထင်ပါတယ် မေး။ ကျနော်တို့နိုင်ငံမှာ မြေအမျိုးစားတွေ များလွန်းလို့ နားမလည်နိုင်အောင်ဖြစ်နေရပါတယ်။ လက်ရှိကိုင်တွယ်အသုံးပြုနေတဲ့ မြေအမျိုးအစားတွေနဲ့ပတ်သက်ပြီး ဥပဒေဗဟုသုတအနေဖြင့် ရှင်းပြပေးစေချင်ပါတယ်။ ဖြေ။ မြေနှင့် သက်ဆိုင်သည့် ဥပဒေပေါင်း (၄၀) ကျော် (၅၀) နည်းပါးရှိနေပြီး ယင်းဥပဒေများ ကို ဝန်ကြီးဌာန၊ အဖွဲ့ အစည်းနဲ့ ဦးစီးဌာနပေါင်း (၂၀) ကျော်က ကိုင်တွယ်ကျင့်သုံးနေတာ တွေ့ရပါတယ်။ မြေအမျိုးအစားတွေကတော့ ကိုယ်ဌာနနဲ့ကိုယ် သတ်မှတ်ထားမှုတွေ ရေတွက်ရရင် အများကြီးပါ။ မြေစာရင်းလက်စွဲဥပဒေမှာတော စိုက်ပျိုးမြေနှင့် စိုက်ပျိုးခြင်း မပြုသော အခြားမြေများဟု အဓိက ၂ မျိုးကို မူတည်၍ အဲဒီအောက်မှာ စိုက်ပျိုး မြေကို လယ်ယာ၊ကိုင်းကျွန်း၊ ဓနိ၊ ဥယျာဉ်၊တောင်ယာ စသည်ဖြင့်လည်းကောင်း အခြားမြေ အိုအေ (OA ) အား ၁၊ ရွာမြေ သုသာန်မြေ ၂၊ သာသနာ့မြေ ၃၊ လမ်းမြေ တာတမံမြေ မီးရထားလမ်းမြေ တူးမြောင်းမြေ ရေကန်နှင့် ကန်ပေါင်းများ ၄၊ စိုက်ပျိုးနိုင်သော မြေလွတ်မြေရိုင်း ၅၊ မစိုက်ပျိုးနိုင်သောမြေလွတ်မြေရိုင်း ၆၊ သစ်တောကြိုးဝိုင်း စားကျက်အဆောက်အဦများ ဆောက်လုပ်ရန်အတွက် သီးသန့်ထားသောမြေများ ၇၊ ချောင်း၊ အင်းနှင့် ရေလွှမ်းသော အခြားမြေများဟု ခွဲခြားထားပါတယ်။ နောက်ပိုင်း အိုအေ ၇ မျိုးကို ၁၃ မျိုးထိ ပြန်ခွဲပါတယ်။ ကြေးတိုင်နှင့် မြေစာရင်းဌာနမှ နှစ်စဉ်ကောက်ယူ ပြုစုထုတ်ပြန်တဲ့ ရာသီဥတုနှင့် ကောက်ပဲသီးနှံ အစီရင်ခံစာ (ရာကောက်) များအနက် ရာကောက် ၂ ဟု ခေါ်တွင်သော နိုင်ငံအတွင်း အသုံးချလျှက်ရှိသည့် မြေများကို မြေအမျိုးအစားအလိုက် ခွဲခြား ဖော်ပြသော စာရင်းတွင် မြေအမျိုးအစားပေါင်း ၂၂ မျိုးအဖြစ် စာရင်းပြုစုလျက် ရှိပါတယ်။ လယ်ယာစိုက်ပျိုးမြေအဖြစ် အကျုံးဝင်သော ၁၊ လယ် ၂ ၊ ယာ ၃၊ ကိုင်း ကျွန်း ၄၊ ဓနိ ၅၊ ဥယျာဉ် ၆၊ တောင်ယာ မြေများအား ၂၀၁၂ လယ်ယာမြေဥပဒေအရ စိုက်မွေးဆည် ဝန်ကြီးဌာနနှင့် ဗဟိုလယ်မြေစီမံခန့်ခွဲမှု အဖွဲ့တို့က စီမံကိုင်တွယ်လျက်ရှိပါတယ်။ ၇၊ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ ၈၊ တောရိုင်းမြေများကို ၂၀၁၂ မလမရ စီမံခန့်ခွဲ ရေးဥပဒေအရ ဗဟိုမြေလွတ်မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေးအဖွဲ့က စီမံကိုင်တွယ်ပါတယ်။ ၉၊ သတ္တုတွင်းမြေနှင့် ၁၀၊ သစ်တောမြေများအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနမှ မြန်မာ့သတ္တုတွင်း ဥဒေနှင့် ၂၀၁၈ သစ်တောဥပဒေများအရ စီမံဆောင်ရွက်ပါတယ်။ ၁၂၊ မြို့မြေ ရွာမြေများ ၁၃၊ သာသနာ သုသာန်နှင့် အခြား အဆောင်အဦ မြေများကို ပြည်ထဲရေး ဝန်ကြီးဌာနမှ မြို့နှင့် ကျေးရွာမြေများ ဥပဒေအရလည်းကောင်း သာသနာရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာရေးကော်မတီများမှ ဆိုင်ရာဥပဒေများအရလည်းကောင်း ကိုင်တွယ်ပါတယ်။ ထို့အတူ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီများကလည်း ဆိုင်ရာ မြို့တော် စည်ပင်သာယာရေး ဥပဒေများအရ နေပြည်တော် ရန်ကုန်မြို့တော် မန္တလေးမြို့တော့် မြေများကို စီမံကွပ်ကဲပါတယ်။ ၁၄၊ စားကျက်မြေကို ပြည်ထဲရေးဝန်ကြီးဌာနက မြေနှင့်အခွန်တော် ဥပဒေများနှင့်အညီ စီမံဆောင်ရွက်သလို စိုက်မွေးဆည်ဝန်ကြီးဌာနနဲ့လည်း သက်ဆိုင်ပါတယ်။ ၁၅၊ ဆည်မြောင်း ကန် တာတမံမြေ ၁၆၊ အင်းအိုင်စသည့် မြေများ၊ ငါးမွေးမြူရေး၊ ကန်မြေများကို စိုက်မွေး ဆည်ဝန်ကြီးဌာနမှ ဆည်မြောင်းဥပဒေ တာတမံဥပဒေ ရေချို ငါးလုပ်ငန်း ဥပဒေ ငါးမွေးမြူရေး ဆိုင်ရာ ဥပဒေ များအရ စီမံကိုင်တွယ်ပါတယ်။ ၁၇၊ မြစ်ချောင်းနှင့်ရေ အောက်မြေများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ရေအရင်းအဖြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖိုးတိုးတက်ရေး ဥပဒေအရ စီမံပါတယ်။ ထို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရးဝန်ကြီးဌာနအနေဖြင့် ၁၈၊ မီးရတားမြေ ၁၉၊ လေယာဉ်ကွင်းမြေ တို့ကိုလည်း မီးရ ထားဥပဒေ အများလေကြောင်းဥပဒေများအရ စီမံကိုင်တွယ်ပါတယ်။၂၀၊ လမ်းတံတားမြေများကို လမ်းမကြီးများ ဥပဒေအရ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကိုင်တွယ်ပါတယ်။ ၂၁၊ စက်ရုံမြေများကိုတော့ သက်ဆိုင်ရာဝန်ကြီး ဌာနဆိုင်ရာ ဥပဒေအရ ကိုင်တွယ်ပါတယ်။ ၂၂၊ အမျိုးအစား ခွဲခြားခြင်း မပြုသည့် မြေများကိုတော့ ပြည်ထဲရေး ဝန်ကြီးဌာနမှ စီမံနေပါတယ်လို့ပဲံ အကျဉ်းချုပ် ဖြေကြားပါရစေ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up