Home
မြန်မာသတင်း
အောင်သပြေကျေးရွာသား ၆ ဦးကို ပုဒ်မနှစ်ခုဖြင့် စတင်တရားစွဲဆို
DVB
·
June 14, 2019
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာရှိ​ မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီပိုင် ဘိလပ်မြေစက်ရုံကို မီးရှို့ဖျက်ဆီးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အောင်သပြေကျေးရွာသား ၆ ဦးကို ဇွန်လ ၁၄ရက်က ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ ပုဒ်မ ၂ နဲ့ တရားစွဲဆိုလိုက်ပါတယ်။ ကျောက်မီးသွေးသုံး ဘိလပ်​​မြေစက်​ရုံကို ကန့်​ကွက်​​နေကြတဲ့ ​အောင်​သ​ပြေရွာသားတွေနဲ့ ရဲတပ်​ဖွဲ့ဝင်တွေဟာ ​မေလ ၁၅ ရက်​​က ပဋိပက္ခဖြစ်​ပွားခဲ့ပြီး ရွာသားတချို့က​ ကုမ္ပဏီဝန်းအတွင်း မီးရှို့ခဲ့တဲ့အတွက် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဟန်ဇော်လင်းက ပုသိမ်​ကြီးမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။ ဒီကနေ့ ရုံးထုတ်မှာ ရွာသား နိုင်ထွန်းအောင် (ခေါ်) ထော့ကျိုး၊ မြင့်ခိုင်၊ တူးဝေယံ၊ မိုးလင်း၊ မင်းသိန်းနဲ့ ဖိုးမာတို့ ခြောက်ဦးကို ရာဇသတ်ကြီးပုဒ်မ ၄၃၆၊ ၄၄၀ နဲ့ စွဲချက်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ မူလက ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ဒီကနေ့မှာတော့ အိမ်အစရှိသည်တို့ကို ဖျက်ဆီးရန်ကြံရွယ်ပြီး မီးနဲ့ သို့တည်းမဟုတ် ပေါက်ကွဲတတ်တဲ့အရာနဲ့ အကျိုးဖျက်ဆီးမှု ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ သေစေမှုအတွက် သို့တည်းမဟုတ် နာကျင်စေမှုအတွက် ပြင်ဆင်ပြီးနောက် ကျူးလွန်တဲ့ အကျိုးဖျက်ဆီးမှု ရာဇသတ်ကြီးပုဒ်မ ၄၄၀ တို့နဲ့ စွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရွာသား ခွေးကို (ခေါ်) ရှိုင်းကိုပါ ၃၄ ဦးကိုလည်း တရားခံပြေးအဖြစ် သတ်မှတ်လိုက်တယ်လို့ အောင်သပြေကျေးရွာ ဒေသခံတွေဘက်က လိုက်ပါ ဆောင်ရွက်ပေးခဲ့ဖူးတဲ့ ရှေ့နေ ဦးစည်သူ ကပြောပါတယ်။  နောက်တပတ်ရုံးချိန်းကိုတော့ လာမယ့် ၂၁ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024