နယူးဇီလန်တွင် လူ ၅၁ ဦးအား ပစ်သတ်ခဲ့သည့် သေနတ်သမား အပြစ်မရှိကြောင်း ထွက်ဆို

1.5K
နယူးဇီလန်နိုင်ငံမှာ လူ ၅၁ ယောက်ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားက သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်အားလုံးမှာ အပြစ်မရှိဘူးလို့ ထွက်ဆိုလိုက်ပါတယ်။
ဇွန် ၁၄ ရက်နေ့က နယူးဇီလန်နိုင်ငံ ခရိုက်ချက်တရားရုံး ကြားနာမှုမှာ သြစတြေးလျနိုင်ငံသား ဘရန်တန် တာရန့်က ဗွီဒီယိုလင့်ခ်ကနေတဆင့် ထွက်ဆိုပြီး ရှေ့နေတွေကတဆင့် အယူခံဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့မှာရှိတဲ့ ဗလီနှစ်ခုကို တကိုယ်တော် ဝင်ရောက်ပစ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အသက် ၂၉ နှစ်အရွယ် သြစတြေးလျနိုင်ငံသား ဘရန်တန် တာရန့်ကို လူသတ်မှု ၅၁ မှု၊ လူသတ်ရန်ကြိုးပမ်းမှု ၄၀၊ အကြမ်းဖက်မှု ၁ မှုတို့နဲ့ စွဲချက်တင်ထားတာပါ။
အဲဒီသတ်ဖြတ်မှုဟာ နယူးဇီလန်သမိုင်းမှာ အသေအပျောက် အများဆုံး သေနတ်ပစ်ခတ်မှု ဖြစ်သလို ပထမဆုံးအကြိမ် အကြမ်းဖက်မှု စွဲချက်တင်တာလည်း ဖြစ်ပါတယ်။
တိုက်ခိုက်မှုမှာ အသက်ရှင်ကျန်ရစ်သူတွေနဲ့ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေ တရားရုံးကြားနာမှုကို လာရောက်နားထောင်ခဲ့ပါတယ်။
ကြားနာမှုကို လာမယ့်နှစ် မေ ၄ ရက်နေ့မှာ ပြန်လည်စတင်မယ်လို့ တရားရုံးချုပ် တရားသူကြီး ကင်မရွန်းမန်ဒါက ပြောကြားခဲ့ပါတယ်။