Home
အနုပညာ
မြန်မာကလေးငယ် ၆ သိန်းကျော် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေ
DVB
·
June 14, 2019
မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားဦးရေ ၁၁ သိန်းကျော်ရှိတဲ့အနက် ၆ သိန်းကျော်က အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြရတာကြောင့် ကလေးအလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးဖို့ လိုအပ်နေတယ်လို့ အလုပ်သမားရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ ဇွန်လ ၁၂ ရက် ကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ နှစ် ၁၀၀ ပြည့် အခမ်းအနားကို ပဲခူးမြို့မှာ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ခင်မာသက်က ပြောကြားခဲ့တာပါ။ အခမ်းအနားမှာ စက်ရုံအလုပ်ရုံတွေနဲ့ ဆိုင်လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ကြားကာ ကလေးသူငယ် အလုပ်သမားဥပဒေနဲ့ ပတ်သက်တဲ့ အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပါတယ်။ တိုင်းဦးစီးမှူး ဒေါ်ခင်မာသက်က “မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ ခုနှစ်တုန်းက ILO မှာ ကလေးသူငယ်တွေကို အလုပ်မခိုင်းပါဘူးဆိုပြီး ကလေးသူငယ် အခွင့်အရေးနဲ့ပတ်သက်ပြီး လက်မှတ်ရေးထိုးခဲ့ပါတယ်။ လိုက်နာကျင့်သုံးမှုတွေလည်း လုပ်နေပါတယ်။ အဲဒီလို လက်မှတ်ရေးထိုးပြီး နောက်ပိုင်း အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနကနေ စက်ရုံ ၄ ရုံနဲ့ ဆိုင်အလုပ်ဌာနတခုကို စုစုပေါင်း ၅ မှု တရားစွဲဆိုထားတာရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဥပဒေအရ အလုပ်ရှင်တွေအနေနဲ့ မိမိတို့လုပ်ငန်းခွင်မှာ အလုပ်ခိုင်းမယ်ဆိုပါက အသက် ၁၄ နှစ်အောက် ကလေးငယ်တွေကို လုံး အလုပ်ခိုင်းစေခွင့်မရှိဘဲ ၁၄ နှစ်အထက်တွေကိုတော့ သက်ဆိုင်ရာ ကျန်းမာရေးထောက်ခံချက်တွေနဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နိုင်တယ်လို့ သိရပါတယ်။ ဒါ့ပေမယ့် မြန်မာနိုင်ငံတဝန်းရှိ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ဈေးဆိုင်တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ စက်ရုံအလုပ်ရုံတွေမှာ ကလေးသူငယ်တွေဟာ  စာသင်ကျောင်းခန်းထဲမှာ ရှိနေရမယ့်အချိန် ပညာမသင်ကြားနိုင်ဘဲ မိသားစု စားဝတ်နေရေးအတွက် အလုပ်မျိုးစုံ လုပ်ကိုင်နေတာ တွေ့မြင်နေကြရပါတယ်။ သတင်း - အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024