Home
မြန်မာသတင်း
ကျောင်းပရဝုဏ်၌ ဆေးလိပ်ရောင်းချမှု အရေးယူရန်လိုအပ်နေဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
June 13, 2019
ကျောင်းပရဝုဏ်အတွင်းနဲ့ ကျောင်းပရဝုဏ်မှ ပေ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခြင်းကို အရေးယူတာ အားနည်းနေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဇွန် ၁၂ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးကို အလေးထားရန်လည်း လိုပါတယ်၊၊ ဥပမာ-၂၀၁၆ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေမှာ ကျောင်းနဲ့ တက္ကသိုလ်များမှာ ဆေးလိပ်သောက်ခွင့် မရှိတဲ့အပြင် ကျောင်း ပရဝုဏ်အတွင်းနဲ့ ကျောင်းပရဝုဏ်မှ ပေ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခြင်းမပြုရ၊ အသက်၁၈နှစ် မပြည့်သေးတဲ့ သူကို ဆေးလိပ် ရောင်းချခြင်း (သို့မဟုတ်) ပေးကမ်းခြင်းမပြုရလို့ ပါရှိပေမယ့် အရေးယူတာ အားနည်းနေပါတယ်။” ၂၀၁၆ ခုနှစ်မှာ ဆောင်ရွက်ခဲ့တဲ့ (2016) Myanmar Global School Health Survey –GSHS အရ လူငယ်များအကြား ဆေးလိပ်သောက်သုံးခြင်းဟာ ၂၀၀၇ ခုနှစ်မှာ နှစ်ရာခိုင်နှုန်း ရှိရာကနေ ၂၀၁၆ ခုနှစ်မှာ ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိလာတာတွေ့ရပြီး ကွမ်းယာ စတဲ့ အငွေ့မထွက်တဲ့ ဆေးရွက်ကြီးသုံးစွဲမှုဟာ ၂၀၀၇ ခုနှစ်မှာ ၃ ဒသမ ၆ ရာခိုင်နှုန်းကနေ ၂၀၁၆ ခုနှစ်မှာ ၈ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ အရက်သောက် သုံးခြင်းဟာလည်း ၂၀၀၇ ခုနှစ်မှာ ၁ ဒသမ ၄ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၆ ခုနှစ်မှာ ၄ ဒသမ ၃ရာခိုင်နှုန်းအထိ များလာပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခြေခံပညာရေးအဆင့်မှာ လုပ်ဆောင်ဖို့ လမ်းညွှန်ချက် ၇ ချက်ထဲမှာ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ လုပ်ဆောင်ဖို့ ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့က ပူးပေါင်း အကောင်အထည်ဖော်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကို နှစ်ရက်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ဖို့ ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ကွမ်းယာသုံးစွဲမှု ကင်းစင်ပပျောက်ဖို့၊ အရက်အလွန် အကျွံသောက်သုံးခြင်းနဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ လျှော့ချဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုဘဝပုံစံတွေ  လိုက်နာကျင့်သုံးဆောင်ရွက်ဖို့၊ ယာဉ်အန္တရာယ်နဲ့ လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ဖို့၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတတွေကို ထည့်သွင်းသင်ကြားပေးနိုင်ဖို့ ကျောင်းသား၊ ကျောင်းသူများ ဂိမ်းအလွန်အကျွံစွဲလမ်းမှု ပပျောက်ရေး” လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့  စတဲ့ အချက်တွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024