စာဆို မယ်ခွေ၏ ‘လက်ဆောင်’ ကဗျာကို ဒသမတန်း မြန်မာဖတ်စာ၌ ထည့်သွင်းပြဋ္ဌာန်းမည်
DVB
·
June 13, 2019
စာဆိုရှင် မယ်ခွေရဲ့ ‘လက်ဆောင်’ ကဗျာကို စနစ်သစ် အခြေခံပညာ အထက်တန်း ဒသမတန်း (Grade 10) မြန်မာဖတ်စာမှာ ထည့်သွင်းဖော်ပြသွားမယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ လူမှုကွန်ရက်စာမျက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဋ္ဌမတန်း မြန်မာဖတ်စာမှာ အရင်က ပြဋ္ဌာန်းခဲ့တဲ့ စာဆို မယ်ခွေရဲ့ ‘လက်ဆောင်’ ကဗျာကို ကျောင်းသူကျောင်းသားတွေရဲ့ အသက်အရွယ်၊ အတန်းအဆင့်နဲ့ ပိုမိုသင့်တော်မယ့် စနစ်သစ် အခြေခံပညာ အထက်တန်း ဒသမတန်း (Grade 10) မြန်မာဖတ်စာမှာ ထည့်သွင်း ပြဋ္ဌာန်းသွားမယ်လို့ ဆိုပါတယ်။
ဒီလို ထည့်သွင်းပြဋ္ဌာန်းဖို့ အခြေခံပညာ မြန်မာစာဘာသာရပ် သင်ရိုးညွန်းတမ်း ကော်မတီဝင်တွေရဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက်ခဲ့တာလို့လည်းဆိုပါတယ်။
အခုပညာသင်နှစ်မှာ ‘လက်ဆောင်’ ကဗျာကို အဋ္ဌမတန်း မြန်မာဖတ်စာကနေ ဖယ်ရှားခဲ့တာနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေထွက်ပေါ်နေချိန်မှာ ခုလို့ ဒသမတန်း မြန်မာဖတ်စာမှာ ထည့်သွင်းဖို့ လုပ်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီကတော့ ပါတီအာဏာရရင် မယ်ခွေရဲ့ လက်ဆောင်ကဗျာကို မြန်မာစာ သင်ရိုးညွန်းတမ်းမှာ ပြန်လည်ထည့်သွင်း ပြဋ္ဌာန်းသွားမယ်လို့ ပြောထားပါတယ်။