Home
မြန်မာသတင်း
မြို့နယ် လဝက ဦးစီးအပါအဝင် ၈ ဦးကို အဂတိလိုက်စားမှုဖြင့် အရေးယူ
DVB
·
June 12, 2019
လားရှိုး မြို့နယ် လဝက ဦးစီးအပါအဝင် ၈ ဦးကို အဂတိလိုက်စားမှုနဲ့ ရဲစခန်းမှာ အမှုဖွင့်ပြီး အရေးယူဖို့ လုပ်နေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ် လားရှိုးမြို့နယ်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန (လ.ဝ.က)ရုံးက မြို့နယ်ဦးစီးမှူးနဲ့ တိုက်နယ်မှူးတွေဟာ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်တာ၊ အိမ်ထောင်စုဇယားပြုလုပ်တာနဲ့ မွေး/တိုး စာရင်းပြုလုပ်တာတို့အပေါ် ငွေကြေး တောင်းခံရယူခဲ့ကြောင့် တိုင်ကြားခံခဲ့ရတာပါ။ တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာမှာ လားရှိုးမြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လင်းဟာ နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ဖို့၊ မွေး/တိုးပြုလုပ်ဖို့နဲ့ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ဖို့အတွက် စုစုပေါင်းငွေကျပ် ၁၂ သိန်း ၈ သောင်းကိုရယူခဲ့တာ စစ်ဆေးပေါ်ပေါက်တယ်လို့ ဆိုပါတယ်။ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွန့်ကတော့ နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ဖို့အတွက် ငွေကျပ် ၁၀ သိန်း၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်က နိုင်ငံသား စိစစ်ရေးကတ်ပြားလဲလှယ်ဖို့အတွက် ငွေကျပ် ၁၅ သိန်း၊ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်က အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ဖို့အတွက် ငွေကျပ် ၂၁ သိန်း၊ အကျိုးဆောင်အဖြစ် ဆောင်ရွက်သူ ဒေါ်မာရှောက်ဆန်းထံကနေ နိုင်ငံသား စိစစ်ရေး ကတ်ပြား ၁၀ ခု လုပ်ပေးတာအတွက် ငွေကျပ် ၅ သိန်း၊ မွေးတိုး လုပ်ပေးတာအတွက် ငွေကျပ် ၆ သိန်း ၈ သောင်း ယူခဲ့တယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်အိအိမွန်အောင်က အိမ်ထောင်စုစာရင်း၊ မွေး/တိုးနဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားလုပ်တာအတွက် ငွေကျပ် ၁၄ သိန်း၊ မွေး/တိုး လုပ်တာ အတွက် ငွေကျပ် ၂ သိန်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်းက အိမ်ထောင်စုစာရင်း အမည် ပြင်ဆင်တာ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားလုပ်တာအတွက် ငွေကျပ် ၉ သိန်းကို တောင်းခံရယူခဲ့တာ ပေါ်လွင်ခဲ့တယ်လို့ ကော်မရှင်က ဆိုပါတယ်။ ပြီးတော့ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးကျော်သူဟိန်းဟာ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လင်း အိမ်ထောင်စုခွဲတာ၊ မွေး/တိုးလုပ်တာနဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားလုပ်တာ အတွက် တောင်းခံထားတဲ့ ငွေကျပ် ၁၂ သိန်း ၈ သောင်းကို လက်ခံရယူပေးခဲ့တာ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ၁၀ ခု လုပ်တာအတွက် ဒေါ်မာရှောက်ဆန်းက ဦးထက်ဝင့်အောင်ဆီကနေ ငွေကျပ်တသိန်း လက်ခံရယူခဲ့ပြီး ပူးပေါင်းကြံစည်တာ၊ အားပေးကူညီခဲ့တာတွေ စစ်ဆေး ပေါ်ပေါက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့ကြောင့် လားရှိုးမြို့နယ် လဝက မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လင်း၊ ဒုလူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွန့်၊ ဒုလူဝင်မှုကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်၊ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်အိအိမွန်အောင်နဲ့ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်း တို့အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရအရေးယူထားပါတယ်။ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ဦးကျော်သူဟိန်းနဲ့ ဒေါ်မာရှောက်ဆန်းကိုတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ လားရှိုးမြို့မရဲစခန်းမှာ ဒီနေ့ပဲ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024