ခေတ်သစ်ကျေးကျွန်ပြုမှုကို အရှိန်မြှင့် ကိုင်တွယ်ကြရန် ဗြိတိန်ဝန်ကြီးချုပ် တိုက်တွန်း

1K
ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ခေတ်သစ်ကျေးကျွန်ပြုတာကို အရှိန်မြှင့် ကိုင်တွယ်ကြဖို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ဇွန်လ ၁၁ ရက်နေ့မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
တကမ္ဘာလုံးမှာ ကျေးကျွန်ပြုခံနေရသူတွေ အယောက် သန်း ၄၀ ကျော်ရှိပြီး ဒီစနစ်ဆိုးကြီးကို တိုက်ဖျက်ဖို့ အားလုံးမှာ ကျင့်ဝတ်ဆိုင်ရာ တာဝန်ရှိတယ်လို့ မေက ပြောပါတယ်။
၂၀၃၀ မှာ ခေတ်သစ်ကျေးကျွန်ပြုတဲ့စနစ် အဆုံးသတ်ရေး ကုလသမဂ္ဂရဲ့ ရည်မှန်းချက် ပြည့်မီအောင် လုပ်ရမယ်ဆိုရင် အပြောနဲ့အလုပ်ညီဖို့ လိုတယ်လို့လည်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ညီလာခံမှာ မေက ဆက်ပြောပါတယ်။
အာဖရိကဒေသက စိုက်ပျိုးရေးကဏ္ဍမှာ ကလေးငယ်တွေ ခေါင်းပုံဖြတ်ခံနေရတာ အဆုံးသတ်ရေး ဗြိတိန်က ပေါင် ၁၀ သန်း လှူဒါန်းသွားဖို့ ကတိပြုခဲ့ပြီး ဗြိတိန်ရဲ့ ကျေးကျွန်ဆန့်ကျင်ရေး လုပ်ငန်းတွေအတွက် ညှိနှိုင်းဆောင်ရွက်ဖို့ နိုင်ငံတကာ သံအမတ်သစ် ခန့်အပ်မယ်လို့ မေက ကြေညာခဲ့ပါတယ်။