မောင်တောတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ သက်တမ်း ၂ လထပ်တိုး
DVB
·
June 12, 2019
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဇွန်လ ၁၁ ရက် ညနေပိုင်းက နောက်ထပ် ၂ လ သက်တမ်းတိုးမြှင့်လိုက်ပါတယ်။
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အမိန့်အမှတ် (၈/၂၀၁၉)မောင်တောမြို့နယ် အုပ်ချပ်ရေးမှူး အမိန့်နဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ညမထွက်ရ အချိန်ကာလမှာ ည ၁၀ နာရီကနေ နောက်တနေ့ မနက် ၅ နာရီအထိ ဖြစ်ပြီး မောင်တောမြို့နယ်အတွင်း လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနဲ့ဆိုင်တဲ့ ဗလီ၊ ကျောင်းနေရာ တွေမှာ လူ ၅ဦး ဒါမှမဟုတ် ၅ ဦးထက်ပိုတဲ့လူတွေ စုဝေးခြင်းမပြုလုပ်ဖို့ တားမြစ်ထားပါတယ်။
ဒီအမိန့်ကို နောက်ထပ် ၂ လပြည့်မြောက်တဲ့အထိ အတည်ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ထည့်သွင်းထား ပါတယ်။
မောင်တောမြို့နယ်မှာ ၂၀၁၇ သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ ARSA အကြမ်းဖက် အဖွဲ့ရဲ့ အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ၂ လ တကြိမ်ကျစီ သက်တမ်းတိုး ထုတ်ပြန်ထားခဲ့ပါတယ်။
ကျော်လင်းဦး