G20 ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတနှင့် တွေ့ရန် စီစဉ်ထားဟု ထရမ့် ပြော

ဂျပန်နိုင်ငံမှာ အခုလအတွင်း ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဖို့ စီစဉ်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁၀ ရက်နေ့က ပြောပါတယ်။ အဲဒီအစည်းအဝေးမှာ ရှီကျင့်ဖျင်နဲ့ ကုန်သွယ်ရေးဆွေးနွေးတာ မအောင်မြင်ရင် အမေရိကန်ဒေါ်လာ ဘီလျံ ၃၀၀ ဖိုး တရုတ်သွင်းကုန်တွေအပေါ် တကျော့ပြန် အခွန်စည်းကြပ်ဖို့ ပြင်ဆင်ထားတယ်လို့ ထရမ့်က တနင်္လာနေ့ အစောပိုင်းမှာ ကြွေးကြော်ထားပါတယ်။ ပြီးခဲ့တဲ့လက ဝါရှင်တန်မြို့မှာ ပြုလုပ်တဲ့ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး ဆွေးနွေးပွဲဟာလည်း လိပ်ခဲတည်းလည်း အခြေအနေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ထရမ့်က G20 အစည်းအဝေးမှာ ရှီကျင့်ဖျင်နဲ့တွေ့ဖို့ မျှော်လင့်တယ်လို့ ထပ်တလဲလဲ ပြောနေပေမယ့် တရုတ်အစိုးရဘက်ကတော့ အတည်ပြုပြောကြားတာ မရှိသေးပါဘူး။ ကမ္ဘာ့ထိပ်တန်း စက်မှုလုပ်ငန်းနဲ့ စီးပွားရေးအင်အားကြီး နိုင်ငံတွေက ခေါင်းဆောင်တွေ စုဝေးတဲ့ G20 ထိပ်သီးတွေ့ဆုံပွဲကို ဇွန်လ ၂၈ ရက်နဲ့ ၂၉ ရက်မှာ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကျင်းပသွားမှာပါ။ နည်းပညာလွှဲပြောင်းတာတွေနဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေကို ခိုးယူနေတာတွေ ရပ်ဆိုင်းဖို့ အပါအဝင် အမေရိကန်က တရုတ်နဲ့ ကုန်သွယ်ရေးမှာ အပြောင်းအလဲတွေလုပ်ဖို့ ကြိုးစားနေတာပါ။ ဒါ့အပြင် တရုတ်အစိုးရပိုင် လုပ်ငန်းတွေအတွက် အမတော်ကြေး ထောက်ပံ့တာတွေကို ထိန်းချုပ်ဖို့နဲ့ တရုတ်ဈေးကွက်ထဲ အမေရိကန်ကုမ္ပဏီတွေကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ခွင့်ပေးဖို့ အမေရိကန်က လိုလားနေပါတယ်။

More News
Up