ကျောက်တော်မြို့နယ်၊ ဖက်ဝမ်းချောင်းရွာအုပ်ချုပ်ရေးမှူး မြေမြုပ်မိုင်းထိမှန် ဒဏ်ရာရ
DVB
·
June 11, 2019
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဖက်ဝမ်းချောင်းကျေးရွာက အုပ်ချုပ်ရေးမှူးတဦး မြေမြုပ်မိုင်းနင်းမိ ပေါက်ကွဲခဲ့တာကြောင့် ခြေထောက်နှစ်ဖက်လုံး ဒဏ်ရာရပြီး ကျောက်တော်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသခံနေရပါတယ်။
ဇွန်လ ၁၁ ရက် မနက် ၇ နာရီက ဖက်ဝမ်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးရဲထွန်းဟာ ကျေးရွာနဲ့ ၂ မိုင်ခန့်ကွာဝေးတဲ့ တောင်ကိုအသွား မိုင်းနင်းမိခဲ့တာလို့ ကျောက်တော်မြို့က ဖြူစင်မေတ္တာအသင်းအောက်ဆီဂျင်ကူညီရေးအဖွဲ့ အတွင်းရေးမှူးကိုစိုးမင်းက ပြောပါတယ်။
“ရွာကနေ နှစ်မိုင်လောက်ဝေးတဲ့ တောင်ကို ဒီကနေ့ မနက်ပိုင်းမျှစ်ခူးသွားခဲ့တာလို့ ပြောတယ်။ ဝါးတောင် ကျေးရွာမှာကျောင်းတက်နေတဲ့ သမီးကို သွားပို့ချင်လို့ မျှစ်ခူးသွားခဲ့တာလို့ ပြောတယ်။ အဲ့ဒီမှာ တောင်ကုန်းမရောက်ခင် မြေမြုပ်မိုင်နင်းမိလို့ ပေါက်ကွဲသွားတာ၊ ခြေထောက်နှစ်ဖက်ထိ သွားတယ်”
ဦးရဲထွန်းမှာ ခြေထောက်နှစ်ဖက် ထိခိုက်ဒဏ်ရာ ရရှိသွားသလို ခန္ဓာကိုယ် အခြားနေရာ အနှံ့အပြားမှာလည်း မိုင်းအစတွေ ထိခိုက်ဒဏ်ရာရရှိသွားလို့ ကျောက်တော်ဆေးရုံကို အရေးပေါ်ပို့ဆောင် ထားရပါတယ်။
ကိုရဲထွန်းရဲ့ ဒဏ်ရာ စိုးရိမ်စရာမရှိ အခြေအနေမရှိပေမယ့် ကျောက်တော်ဆေးရုံမှာ အတွင်းလူနာအဖြစ်ဆေးကုသမူခံ ယူနေကြတယ်လို့ ဖြူစင်မေတ္တာ အသင်းအောက်ဆီဂျင်ကူညီရေးအဖွဲ့ အတွင်းရေးမှူးကိုစိုးမင်းကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေကြောင့် အရပ်သား တွေ မိုင်းထိလို့သေဆုံးဒဏ်ရာရတာ ရှိနေသလို လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ သေဆုံးဒဏ်ရာရရှိတာလည်း အများအပြားရှိနေပါတယ်။
သတင်း-ဝဏ္ဏခွာညို -ဓာတ်ပုံ- ကိုစိုးမင်း