ပါကစ္စတန် သမ္မတဟောင်း ဇာဒါရီ အကျင့်ပျက်ခြစားမှု စွဲချက်ဖြင့် ဖမ်းဆီးခံရ

ဓာတ်ပုံ - Aamir Qureshi/AFP via Getty Images
ပါကစ္စတန် သမ္မတဟောင်း အာဆက်ဖ် အယ်လီ ဇာဒါရီဟာ အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ဇွန်လ ၁၀ ရက်နေ့က အဖမ်းခံခဲ့ရပါတယ်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ National Accountability Bureau (NAB) က ငွေကြေးခဝါချမှု၊ ဘဏ်အကောင့်အတုတွေနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုအတွင်း ဇာဒါရီနဲ့ သူ့ရဲ့ ညီမဖြစ်သူ ဖာယယ် တယ်ပူလ်တို့ကို ဖမ်းဆီးခဲ့တာလို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ သမ္မတဟောင်း ဇာဒါရီနဲ့ ညီမဖြစ်သူ တာပူလ်တို့ဟာ သူတို့အနေနဲ့ အမှားလုပ်ထားတာ မရှိဘူးလို့ အဲဒီစွပ်စွဲချက်ကို ထပ်တလဲလဲ ငြင်းဆိုထားပါတယ်။ အတိုက်အခံ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) ကလည်း ဒါဟာ နိုင်ငံရေးလှုံ့ဆော်မှု ဖြစ်တယ်လို့ ပြောပါတယ်။ ဇာဒါရီဟာ ၂၀၀၈ ခုနှစ်မှာ ပါကစ္စတန်သမ္မတရာထူး မထမ်းဆောင်ခင်က အကျင့်ပျက်ခြစားမှု၊ လူသတ်မှုစွဲချက်တွေနဲ့ ၁၁ နှစ်ကြာ ထောင်ချခံရပေမယ့် သူကတော့ အဲဒီစွဲချက်တွေကို အမြဲ ငြင်းခဲ့ပါတယ်။ ဇာဒါရီရဲ့ ဇနီးဖြစ်သူ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုဟာ ၂၀၀၇ ခုနှစ်က အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ အသေခံတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up