အစိုးရကို ဆန္ဒမပြဟူသည့် ခံဝန်ဖြင့် နိုင်ငံရေးအကျဉ်းသား ၅၀ ကို နီကာရာဂွါအစိုးရ ပြန်လွှတ်

703
နီကာရာဂွါနိုင်ငံမှာ အစိုးရကို ဆန့်ကျင်ဆန္ဒမပြပါဘူးဆိုတဲ့ ခံဝန်ချက်နဲ့ နိုင်ငံရေးအကျဉ်းသား အယောက် ၅၀ ကို ဇွန်လ ၁၀ ရက်နေ့က လွှတ်ပေးလိုက်ပါတယ်။
အစိုးရထုတ်ပြန်ချက်မှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေအရ လွှတ်ပေးတယ်လို့ ပြောပေမယ့် အစိုးရဝေဖန်သူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက အဲဒီဥပဒေသစ်ဟာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပြုထားတယ်လို့ ဆိုပါတယ်။
၂၀၁၈ ဧပြီလက ပထမဆုံး ပေါ်ပေါက်ခဲ့တဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲအတွင်း နီကာရာဂွါ အစိုးရဟာ ရာနဲ့ချီတဲ့လူတွေကို ဖမ်းဆီးခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ဖမ်းဆီးခံ ဆန္ဒပြသူတယောက်က ထောင်ထဲမှာ မိသားစုဝင်တွေ ပေးပို့တဲ့ ဆေးဝါးတွေကို မရခဲ့ဘူးလို့ ဆိုပါတယ်။
နောက်ပြီး ထောင်စောင့်တွေဟာလည်း သူတို့ပေးလိုတဲ့အခါမှ ဆေးတွေကို ပေးတယ်လို့လည်း သူကပြောပါတယ်။
နီကာရာဂွါနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့အတွက် တွေ့ဆုံဆွေးနွေးရေး တစိတ်တပိုင်းအဖြစ် အကျဉ်းသား အယောက် ၆၀၀ လွှတ်ပေးပြီးပြီလို့ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။