စစ်ဘေးရှောင်များခိုလှုံနေသည့် ပေါက်တောပြင်ဘုန်းကြီးကျောင်းကို ၀င်ရောက်စစ်ဆေးခွင့်ပေး
DVB
·
June 11, 2019
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင် ဘုန်းတော်ကြီးကျောင်းရှိ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို တပ်မတော်က ဝင်ရောက်စစ်ဆေးဖို့ ဒီကနေ့ မနက် ခွင့်ပေးလိုက်ပြီ လို့ ဆရာတော်က မိန့်ပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေတဲ့ အရှင်သဘာဝနဒီက “သူတို့ကို ဝင်ရောက်စစ်ဆေးခွင့် မပြုတာမဟုတ်ဘူး။ ဝင်ရောက်စစ်ဆေးခွင့် ပေးတယ်။ ဒါပေမယ့် သူတို့အရပ်ဝတ်လေးလောက် ဝတ်ဖို့ တောင်းဆိုတာ။ လက်နက်ခဲယမ်း ကိုင်ဆောင်ပြီးတော့ စစ်ယူနီဖောင်းနဲ့ဝင်မယ်ဆိုရင် ပြည်သူတွေ ဘယ်လောက်ထိ ပိုပြီးတော့ စိုးရိမ်မှု ကြောင့်ကြမှု အကြောက်တရားလွှမ်းမိုးနိုင်လဲ။ အနာဂတ်ရဲ့ မျိုးဆက်ဖြစ်တဲ့ ကလေးငယ်တွေရဲ့ ရင်ထဲမှာရော ဘယ်လောက်ထိ စိတ်ဒဏ်ရာရသွားနိုင်လဲ။ ဒီအပေါ်မှာ သုံးသပ်ပြီးတော့ ဦးဇင်း တို့က အရပ်ဝတ်နဲ့ ပုဆိုးဝတ်ပြီးတော့ အင်္ကျီဝတ်ပြီးတော့ ဝင်ဖို့ပြောတာ။”လို့ မိန့်ပါတယ်။
အဲဒီစခန်းထဲမှာ အေအေနဲ့ ဆက်နွှယ်သူတွေ ပါဝင်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဝင်ရောက်စစ်ဆေးဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။ လက်ရှိမှာ သံဃနာယက ဆရာတော်ရောက်နေသလို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့အပြင် လဝက အရာရှိတွေ လည်း ရောက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးပါတီနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို လာရောက်ကြဖို့ ဖိတ်ခေါ်ထားပေမယ့် လာရောက်မယ်၊ မလာဘူးဆိုတာကိုတော့ သေချာ မပြောနိုင်သေးဘူး လို့ ဆိုပါတယ်။
လက်ရှိမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပေါက်တောပြင်ဘုန်းတော်ကြီးကျောင်းဝန်းရှိ တောင်ကုန်းပေါ်နဲ့ ကျောင်းရဲ့ပတ်ပတ်လည်မှာ နေရာယူထားကြတယ်လို့ ဆိုပါတယ်။
ရခိုင်ဒုက္ခသည် ထောင်နဲ့ချီ ခိုလှုံနေတဲ့ ပေါက်တောပြင်၊ ဘုန်းတော်ကြီးကျောင်းက ကယ်ဆယ်ရေးစခန်းကို တပ်မတော်က မနေ့က မနက်ပိုင်း လောက်ကတည်းက ဝင်ရောက်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
ဝဏ္ဏခွာညို