ဖျာပုံမြို့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ဆရာဝန် ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ
DVB
·
June 11, 2019
ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ဓာတ်တိုင်တွေတင်ဆောင်ပြီး ရပ်တန့်ထားတဲ့ ၁၀ ဘီးကားကို အိမ်စီးကားတစီးက အနောက်ကနေ ဝင်တိုက်ခဲ့တာကြောင့် ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ဆရာဝန် ၃ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိသွားပါတယ်။
ဇွန်လ ၁၁ ရက် မနက် ၃ နာရီခွဲလောက်က ဖျာပုံ-ကျိုက်လတ်-မအူပင် ကားလမ်း ပေါ် အမှတ် ၁၆ ရပ်ကွက် ချောင်းတွင်းတံတား ခြေဆင်းကွေ့မှာ ဓာတ်တိုင်တွေတင်ဆောင်ပြီး ရပ်ထားတဲ့ ကုန်တင်ကားကို ဒေါက်တာဝေယံမျိုးထက် မောင်းနှင်းလာပြီး ဆရာဝန် ၆ ဦး လိုက်ပါလာတဲ့ အိမ်စီးကားက အနောက်ကနေ ဝင်တိုက်ခဲ့တာပါ။
အဲဒီလိုဝင်တိုက်မိလို့ ကွန်ကရစ်ဓာတ်တိုင်ဟာ အိမ်စီးကားရဲ့ နောက်မှန်အထိ ထိုးဝင်ပေါက်ထွက် သွားပြီး ကားပေါ်လိုက်ပါလာသူတွေ သေဆုံးဒဏ်ရာရခဲ့ကြတာပါ။
အဆိုပါယာဉ်တိုက်မှုမှာ ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက်နဲ့ ကားပေါ်အတူစီးနင်းလိုက်ပါလာတဲ့ ဒေါက်တာ အေးမြတ်သူနဲ့ ဒေါက်တာ ပန်ဂျာထွယ်တို့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။
ဒေါက်တာနေမျိုးစု၊ ဒေါက်တာလှမျိုးသူနဲ့ ဒေါက်တာနှင်းအိစိုးတို့ ၃ ဦးကတော့ ဒဏ်ရာရရှိတဲ့အတွက် မနက် ၅ နာရီ ၃၀ မိနစ်လောက်မှာ ဖျာပုံဆေးရုံကြီးသို့ ရဲဆေးစာနဲ့ ပို့ဆောင် ခဲ့ပါတယ်။
အဆိုပါ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး အမှတ်(၈၀)ယာဉ်ထိန်း တပ်ဖွဲ့စုနဲ့ ဖျာပုံမြို့မ ရဲစခန်းက အမှုဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။
သတင်း - ကျော်စိုးမိုး