ဂုဏ်ထူးတန်းသင်တန်း ပြန်လည်လက်ခံမည်

၁၆ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ဘာသာရပ်ဆိုင်ရာတွေရဲ့ ဂုဏ်ထူးတန်း သင်တန်းတွေကို ရန်ကုန်တက္ကသိုလ်မှာ မကြာမီ ပြန်လည်ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ရန်ကုန်တက္ကသိုလ် ဆရာတွေက ပြောပါတယ်။ ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနကနေ အဲဒီသင်တန်းတွေ ပြန်ဖွင့်ပေးဖို့ ရန်ကုန်တက္ကသိုလ်က ဘာသာရပ်ဌာန အသီးသီးမှာ လေ့လာ ဆန်းစစ်နေပြီလို့ ဆိုပါတယ်။ မြန်မာတနိုင်ငံလုံးက မည်သည့် တက္ကသိုလ်ကမဆို ဒုတိယနှစ်သင်တန်းမှာ ဂုဏ်ထူးတန်း အဆင့်မီအောင်မြင်တဲ့ ကျောင်းသားတိုင်းဟာ ရန်ကုန်တက္ကသိုလ်မှာ ဂုဏ်ထူးတန်း တက်ရောက်ဖို့ လျှောက်ထားနိုင်ပြီး အဆင့်မီစာမေးပွဲကို ဖြေဆိုရမှာလည်းဖြစ်ပါတယ်။ ကျောင်းလျှောက်ထားတာနဲ့ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်က ဒေါက်တာကျော်သန်းမိုးက “ဘယ်ကျောင်းက ဖြစ်ဖြစ်ပေါ့၊ ကန့်သတ်ချက်နဲ့ အယောက် ၂၀ ပဲထားဖို့လုပ်နေတယ်၊ နည်းတာပေါ့။ ဘယ်ကျောင်းက ဖြစ်ဖြစ်ဆိုတာ ရန်ကုန်တက္ကသိုလ်မှာ တက်ချင်သူက ၀င်ခွင့်ဖြေရမယ်။ မေဂျာက ပေါင်းစုံပေါ့။ ဒဂုံက ကျောင်းသားသည် ရန်ကုန်တက္ကသိုလ်မှာတက်ချင်တယ်ဆိုရင် မိန်းထဲမှာ ၀င်ခွင့်လာဖြေ၊ မရရင်တော့ သူ့ဌာန ဒဂုံမှာသွားပြန်တက်ပေါ့။ တနိုင်ငံလုံးက လာလျှောက်ခွင့်ရှိတယ်၊ အကန့်အသတ်တော့ ရှိတာပေါ့။ ရန်ကုန်တက္ကသိုလ်တက်ချင်ရင်တေ့ စာလုပ်ပေါ့။” ဘာသာရပ်တခုအတွက် ဂုဏ်ထူးတန်းကျောင်းသား အယောက် ၂၀ ကိုပဲ လက်ခံသင်ကြားပေးမယ်လို့ သိရပါတယ်။ ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးတန်း သင်တန်းတွေကို ၁၉၉၆ ခုနှစ် ထင်ရှားတဲ့ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုးအပြီးမှာ ရပ်နားခဲ့ပြီး မဟာဘွဲ့အထူးပြု သင်တန်းနဲ့ ပါရဂူဘွဲ့ သင်တန်းတွေကိုသာ သင်ကြားပေးနေတာလည်းဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို အဆင့်မြှင့်တင်ဖို့ အစောပိုင်းရက်တွေမှာ တောင်းဆိုအပြီး အခုလို ဂုဏ်ထူးတန်း သင်တန်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ပညာရေးဝန်ကြီးဌာနကနေ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

//
More News
Up