Home
မြန်မာသတင်း
DKBA ခွဲထွက်အဖွဲ့ကို ထိုးစစ်ဆင်ရာတွင် ကေအန်ယူ ပူးပေါင်းပါဝင်မည်မဟုတ်
DVB
·
June 10, 2019
DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်မယ်အပေါ် ကေအန်ယူအနေနဲ့ ပူးပေါင်းပါဝင်မှာမဟုတ်ဘဲ မိမိနယ်မြေကို မ၀င်ရောက်လာအောင် ကာကွယ်သွားမယ်လို့ ကေအန်ယူ တပ်မဟာ ၁ တပ်ရင်း ၁ ဗိုလ်ကြီး စောကပေါ်ထူးက ဒီဗွီဘီကို ပြောပါတယ်။ အခုရက်ပိုင်းအတွင်း ကေအန်ယူ တပ်မဟာ ၁၊ ၅၊ ၇ တို့က တပ်မတော်၊ ဘီဂျီအက်ဖ် တပ်တွေနဲ့ပူးပေါင်းပြီး ဗိုလ်ဘိအဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ကေအန်ယူဘက်က ပြောဆိုလိုက်တာပါ။ ကေအန်ယူတပ်မဟာ ၁၊ တပ်ရင်း ၁ ဗိုလ်ကြီး စောကပေါ်ထူးက “ဘီဂျီအက်ဖ်နဲ့ တပ်မတော်ကတော့ သူတို့ပြောတယ်။ ဒါပေမယ့် တပ်မဟာ ၁ က မပါဘူး။ မီးဇိုင်းတောင် အနောက်ဖက်ခြမ်းကို ပိတ်တာ၊ သူတို့ စစ်တပ်နဲ့လာတောင်မှ တို့က လက်မခံဘူး။ တကယ်လို့ ဖြစ်လာရင်တောင်မှ ငါတို့ဟာ ငါတို့ပဲ၊ ငါတို့နယ်မြေကို ကာကွယ်မယ်။ တပ်မဟာ ၅ လည်းမပါ ပါဘူး။ သူတို့ဟာ သူတို့ ဆက်လက်ပြီးတော့ ၁ နဲ့ ၅ နဲ့ ဘာဆိုင်လည်း။ လာညှိတာတော့ မဟုတ်ဘူး။ သူတို့ဟာသူတို့ ပစ်တာခတ်တာတော့ ပစ်ပါ။ မပစ်နဲ့လို့ တို့က ဘာမှ သွားပြောလို့ မရဘူး”လို့ ပြောပါတယ်။ ဖာပွန်ခရိုင်၊ ဖားပေါင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးစောသန်းအေးက “အခုလောလောဆယ် တော့ ကျနော်တို့ရွာတော့ ချိန်းထားတာ ၁၀ ရက်နေ့လို့ပြောထားတယ်။ ပြီးခဲ့တဲ့ ၃ ရက်နေ့က သူတို့လာတယ်လေ။ ဗိုလ်မောင်ချစ်တို့ ပြီးတော့ ဦးဇင်းဖာကဒူးတို့ လာပြီးတော့ ပြောသွားတယ်။ တောင်ပေါ်မှာတို့ တောင်ယာတွေလုပ်လို့ရှိလို့ရှိရင် အဲဒီပတ်ဝန်းကျင်မှာ မနေနဲ့တော့။ ဆင်းလာခဲ့တော့ ရွာကို။ တောင်ယာတွေသွားမလုပ်နဲ့တော့။ အခုချိန်မှာတော့ နည်းနည်းတော့ ပစ်စရာရှိတယ်လို့ ပြောဆိုထားတယ်”လို့  ပြောပါတယ်။ DKBA ခွဲထွက်အဖွဲ့ ခိုအောင်းရောက်ရှိနေပြီး  မီးဇိုင်းတောင်ပေါ်ကို အဓိက ထိုးစစ်ဆင်မယ်လို့ သတင်းတွေထွက်ပေါ်နေလို့  တောင်ခြေအနီးက ဒေသခံကျေးရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းသွားကြသလို ဖားပေါင်၊ တုတ်ကြီးကျေးရွာသား တချို့လည်း ပေါ်တာနဲ့ လမ်းပြခေါ်မှာ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DKBA ခွဲထွက်အဖွဲ့ကို ဆက်သွယ်မေးမြန်းရာ “ကျနော်တို့ဘက်ကလည်း လောလောဆယ် ကတော့ အကိုတို့ကြားတဲ့ အတိုင်းပါပဲ။ ကေအန်ယူဘက်ကကော၊ ပူးပေါင်းပြီးတော့ လုပ်နေတာ တွေ ကျနော်တို့လည်း ကြားနေရတယ်။ ဒါပေမယ့် ကျနော်တို့က ဘယ်လိုပြောရမလဲ။ သတင်း ကတော့ အတိအကျရယ်လို့အတည်ပြုဖို့တော့ မရဘူး။ ဒါပေမယ့် ၆၀၊  ၇၀ (ရာခိုင်နှုန်း) တော့ ရှိတာပေါ့”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၇ ရက် ညနေက  ဘားအံ-၀ါးဘိုးတောလမ်းခွကနေ ဆွမ်းချက်ဖို့ ဒါကာတွေ လှူဒါန်းလိုက်တဲ့ ထမင်းပေါင်းအိုးကို ကျောင်းပိုင်မော်တော်ယာဉ်နဲ့ သယ်ဆောင်လာရာ မိဇိုင်းတောင်ခြေရွာအ၀င်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ယာဉ်ကို တားဆီးပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် ယာဉ်ပေါ်လိုက်ပါလာတဲ့ ကိုရင် ၄ ပါးကို ကားပေါ်ကဆွဲချပြီး သေနတ်နဲ့ ထုထောင်းခဲ့တဲ့အတွက် ဦးခေါင်းကွဲ၊ ရင်ဘတ်နဲ့ လက်ပြင်တွေမှာ ဖူးယောင် ဒဏ်ရာတွေရရှိခဲ့တဲ့ အပြင် ယာဉ်ပေါ်ပါ ထမင်းပေါင်းအိုးနဲ့ မော်တော်ယာဉ်ကို သိမ်းဆည်းခံခဲ့ရပါတယ်။ အခုထိုးစစ်ဆင်မယ့် မိဇိုင်းဆံတော်ရှင်စေတီတောင်ပေါ်နေရာဟာ မြိုင်ကြီးငူဆရာတော် အဓိဌာန်အောင်မြင်ပြီး သီတင်းသုံးခဲ့တဲ့ နေရာဖြစ်ပြီး သမိုင်းဝင်ဆံတော်ရှင်ကို ပြန်လည်ပြုပြင်ခဲ့တဲ့ အတွက် ဒေသခံတွေအပြင် အနယ်နယ်က ဘုရားဖူးဧည့်သည်တွေ လာရောက်ဖူးမြော်တဲ့အတွက် စည်းကားခဲ့တဲ့နေရာ ဖြစ်ပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024