မြန်မာနှင့်ကစားမည့်ပွဲ ခက်ခဲမည်ဟု စင်ကာပူနည်းပြပြော

မြန်မာကစားသမားတွေရဲ့ ကစားဟန်ဟာ လျင်မြန်ပြီး  နည်းစနစ် ကောင်းမွန်တဲ့အတွက် မြန်မာလက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ခြေစမ်းပွဲဟာ ခက်ခဲမယ်လို့ စင်ကာပူ လက်ရွေးစင်အသင်း နည်းပြချုပ် တက်ဆုမာ ရိုရှီဒါက ပြောပါတယ်။ စင်ကာပူနိုင်ငံမှာ မနက်ဖြန် ယှဉ်ပြိုင်ကစားမယ့် မြန်မာနဲ့ စင်ကာပူလက်ရွေး စင်အသင်းတွေရဲ့  ခြေစမ်းပွဲအတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာလို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပါတယ်။ စင်ကာပူ လက်ရွေးစင်အသင်း နည်းပြချုပ် တက်ဆုမာ ရိုရှီဒါက “ပြီးခဲ့တဲ့ ဆော်လမွန် ကျွန်းစု အသင်းကို အနိုင်ရတဲ့ ခြေစမ်းပွဲကတော့ အသင်းသား အားလုံးအတွက် စိတ်ဓာတ်တက်ကြွစရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အသင်းမှာ အားနည်းချက်တွေ ရှိနေဆဲ ဆိုတာဝန်ခံပါတယ်။ ကျနော့် အနေနဲ့ အသင်းကို စတင်တည်ေ ဆာက်ဆဲ ကာလဖြစ်တဲ့ အတွက် သူတို့ကို စိတ်ဓာတ်မြှင့်တင် ပြီးတော့ ပုံစံကောင်း တစ်ခုရအောင် တည်ဆောက်မှာပါ။ ပြိုင်ဘက် မြန်မာအသင်း နည်းပြ အနေနဲ့လည်း သူ့အတွက် ပွဲဦးထွက်ပွဲ ဖြစ်တဲ့ အတွက် ဒီလိုပဲနေမှာပါ။ ကျနော်တို့ လေ့ကျင့်မှုတွေ လိုပါတယ်၊ အချိန်တွေလိုပါတယ်။ ပြိုင်ဘက် မြန်မာအသင်း အကြောင်း ပြောရမယ်ဆို သူတို့ ကစားသမားတွေရော ကစားဟန်ရော လျင်မြန်တယ်၊ နည်းစနစ် ကောင်းတယ်။ ကျနော်တို့ အတွက် မနက်ဖြန်ပွဲက ခက်ခဲပါမယ်။" မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မီရိုဒရက်ရာ ဂျူလိုဗစ်ကတော့ မနက်ဖြန်ပွဲဟာ ပရိသတ်တွေအတွက် ပွဲချိန်တလျှောက်လုံး စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲကောင်း တပွဲ ဖြစ်လာမယ်လို့ ပြောပါတယ်။ “ကျနော့်အတွက်ကတော့ မနက်ဖြန်ပွဲက ပထမဆုံးတာဝန်ယူရတဲ့ ပွဲပဲဖြစ်ပါတယ်။ မြန်မာအသင်းကို တာဝန်ယူရတဲ့ တပတ်တာ အချိန်တိုလေးအတွင်းမှာ ကစားသမားတွေရဲ့ ပရော်ဖက်ရှင်နယ်ကျကျ နေထိုင်ကျင့်ကြံမှု၊ စည်းကမ်းကောင်းမှု၊ လေ့ကျင့်ရေး ကွင်းအတွင်း စွမ်းဆောင်မှုတွေအတွက် ကျနော် ကျေနပ်ပါတယ်။ အသင်းမှာ အရည်အသွေးရှိတဲ့ ကစားသမားတွေ ရှိတဲ့အတွက်လည်း သူတို့ကိုယုံကြည်မှု အပြည့်ရှိပါတယ်။ မနက်ဖြန်ပွဲကတော့ နှစ်သင်းစလုံးအတွက် နည်းဗျူဟာ ကစားပွဲဖြစ်လာမှာပါ။” ဒီပွဲရဲ့ အဓိကပစ်မှတ်က ဆူဇူကီးဖလား ပြိုင်ပွဲဖြစ်တယ်လို့လည်း မြန်မာနဲ့ စင်ကာပူ နည်းပြနှစ်ဦးစလုံးက ပြောပါတယ်။ စင်ကာပူ အသင်းနဲ့ ပတ်သက်ပြီးလည်း မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မီရိုဒရက်ရာ ဂျူလိုဗစ်က “စင်ကာပူ အသင်းအကြောင်းကိုလည်း ကောင်းကောင်းသိထားပါတယ်။ သူတို့ နည်းစနစ်ကျကျ ကစားနိုင်တယ်။ နေရာစုံကောင်းတဲ့ အသင်းကောင်းတသင်းပါ။ ၂၀၁၇ ခုနှစ်အတွင်းက လက်ဘနွန်အသင်းနဲ့အတူ စင်ကာပူမြေမှာ လာကစားဖူးတော့ သူတို့ ကစားဟန်ကို ကောင်းကောင်း သိထားပါတယ်။ ဒီနှစ် အတွင်းမှာလည်း သူတို့ မလေးရှားကို နိုင်ထားတယ်၊ အိုမန်နဲ့သရေ ကျထားတယ်။ တနေ့က ကစားခဲ့တဲ့ ဆော်လမွန် ကျွန်းစုအသင်း ကိုလည်း နိုင်ထားတယ်။ အသင်းကောင်း တသင်းဆိုတာ အားလုံးသိကြမှာပါ။ ဒါကြောင့် မနက်ဖြန် ပွဲကတော့ ပရိသတ်တွေအတွက် ပွဲကောင်းတပွဲ၊ ပွဲချိန်တလျှောက်လုံး စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲဖြစ်လာမှာပါ” လို့ ပြောပါတယ်။ မြန်မာ့လက်ရွေးစင် ဂိုးသမား ကျော်ဇင်ထက်ကတော့  ပြိုင်ဘက်ကိုလေးလေးစားစားနဲ့ ကစားပြီး ကျနော်တို့ ဘာလုပ်နိုင်တယ်ဆိုတာ မနက်ဖြန် သက်သေပြချင်တယ်လို့  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ စင်ကာပူလက်ရွေးစင်အသင်း ကွင်းလယ်ကစားသမား မူဟမ်မက် ဇူဖာမီဘင်က " ပြိုင်ဘက် မြန်မာအသင်းက အသင်းကောင်း တသင်းဖြစ်တာ အားလုံးအသိပါ။ ကျနော်တို့အတွက် ခက်ခက်ခဲခဲ ကစားရမှာ ဖြစ်ပေမယ့် ပထမပွဲကလိုပဲ ရလဒ်ကောင်းအောင် ကြိုးစား ကစားပါမယ်။ ပြီးခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေမှာ အနိုင်ရခဲ့တာက ကျနော်တို့အတွက် အကောင်းဆုံး စိတ်ဓာတ်ခွန်အား ဖြစ်စေပါတယ်။ ဒါက ဆူဇူကီးဖလားပြိုင်ပွဲအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။"လို့ ပြောပါတယ်။ စင်ကာပူနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဖိတ်ကြားချက်အရ မြန်မာ့လက်ရွေးစင် အသင်းဟာ မနက်ဖြန် ဇွန်လ ၁၁ ရက် မြန်မာစံတော်ချိန် ညနေ ၆နာရီ ၁၅  မိနစ်မှာ စင်ကာပူ အမျိုးသား အား ကစားကွင်းမှာ ဖီဖာနိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ စင်ကာပူ လက်ရွေးစင်အသင်းဟာ ဇွန်လ ၈ ရက်က ကန်သွားတဲ့ ဆော်လမွန် ကျွန်းစုနိုင်ငံ အသင်းနဲ့ ခြေစမ်းပွဲမှာတော့ ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရထားပါတယ်။ ဓာတ်ပုံ-MFF

More News
Up