လမ်းဘေးခွေးများ ၀ှက်မထားကြရန် ဗဟန်းစည်ပင်တိုက်တွန်း
ပိုင်စိုး
·
June 10, 2019
လမ်းဘေးခွေးတွေကို ဂေဟာပို့ဖို့ ဖမ်းချိန်မှာ ဝှက်မထားဖို့နဲ့ ဂေဟာက လက်မခံနိုင်တော့ရင် နောက်ကျကျန်နေတဲ့ ခွေးတွေကို အကန့်အသတ်မရှိလက်ခံတဲ့ နောင်ဘဝ လို့ အမည်ရတဲ့ နေရာကို ပို့ရလိမ့်မယ်လို့ ဗဟန်း မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။
လမ်းဘေးလေလွင့်ခွေးတွေကို ရှင်းလင်းဖို့အတွက် ကြိုတင်ကြေညာထားရင် ဝှက်ထားတတ်ကြတယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့် ဦးဝင်းဗိုလ်က အခုလို ဖမ်းပို့နေတာကို ကြည်ကြည်ဖြူဖြူကူညီကြဖို့ လူမှုကွန်ရက်ကနေ အသိပေးလိုက်တာပါ။
“အဲဒီကိစ္စနဲ့ပတ်သက်လို့ ဝှက်ထားတတ်သူများကို အသိပေးပါရစေ။ အခုလမ်းပေါ်က ခွေးတွေကို ဖမ်းပို့နေတာဟာ အဲဒီလက်ခံတဲ့နေရာက လက်ခံနိုင်တဲ့ ခွေးအကောင်ရေ သတ်မှတ်ချက် ရှိပါတယ်။
သတ်မှတ်အကောင်ရေပြည့်သွားရင် ဆက်လက်မခံတော့ပါ။ အဲဒါကြောင့် ခုချိန်မှာ ဖမ်းပြီး ပို့နေတာကို ကြည်ကြည်ဖြူဖြူနဲ့ ဝိုင်းဝန်းကူညီကြပါ။ လက်ခံနေတဲ့နေရာမှာ ဆက်လက်မခံ နိုင်တော့ဘူးဆိုရင် နောက်ကျကျန်နေတဲ့ခွေးတွေကို အကန့်အသတ်မရှိ လက်ခံတဲ့ နောင်ဘဝလို့ အမည်ရတဲ့ နေရာကို ပို့ရပါလိမ့်မယ်။ လက်ခံနိုင်တဲ့ ခွေးဂေဟာမရှိလို့ လမ်းပေါ်မှာ နေခွင့်ပေးလိမ့်မှာ မဟုတ်ပါဘူးဆိုတာ သိစေချင်ပါတယ်” လို့ ဆိုပါတယ်။
ဗဟန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေနဲ့ အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ မြို့နယ်အတွင်း လမ်းတွေပေါ်မှာ ကျင်လည်ကျက်စားနေတဲ့ ပိုင်ရှင်မဲ့ ခွေးတွေကို ဖမ်းဆီးပြီး အဲဒီခွေးတွေ အေးအေးချမ်းချမ်း သက်တမ်းစေ့ နေထိုင်သွားစေဖို့ ရည်ရွယ်ပြီး ခွေးထိန်းသိမ်းရေးစခန်းတွေကို ပို့ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
“အခုအချိန်ထိ မှတ်ပုံတင်တာရယ်၊ ဂေဟာပို့တာရယ် စုစုပေါင်း အကောင်ရေ ၂၀၀ ကျော် ရှင်းလင်းပြီးပါပြီ။ ကျနော်တို့ ဆက်လုပ်မှာပါ” လို့ ဦးဝင်းဗိုလ်က ပြောပါတယ်။
ခွေးအပါအဝင် အိမ်မွေးတိရစ္ဆာန်တွေကို ချစ်ခင်လို့ မိမိအိမ်ထဲမှာ၊ ခြံထဲမှာ ထိန်းသိမ်း မွေးထား ချင်ရင် စည်ပင်သာယာရေးဌာနမှာ တရားဝင်မှတ်ပုံတင်ထားဖို့ လိုအပ်ပြီး မွေးထားတဲ့ အိမ်မွေး တိရစ္ဆာန်တွေကိုလည်း လမ်းတွေအပါအဝင် အများပြည်သူအသုံးပြုနေတဲ့ နေရာတွေမှာ အညစ်အကြေး စွန့်တာ၊ အစားအစာစားတာ၊ ပတ်ဝန်းကျင်ညစ်ပတ်အောင်တနည်းနည်းနဲ့ လုပ်တာ၊ အများပြည်သူထိတ်လန့်စေအောင် ဒါမှမဟုတ် အန္တရာယ်ဖြစ် အနာတရဖြစ်စေအောင် မလုပ်ဖို့ အထူးသတိပြုထိန်းသိမ်း ရမယ်လို့လည်း စည်ပင်ကော်မတီက ကြေညာထားပါတယ်။
ပြီးတော့ စည်ပင်နဲ့ ပူပေါင်းအဖွဲ့တွေ မြေပြင်ကွင်းဆင်းတဲ့အချိန်မှာ အများပြည်သူနဲ့ ဆိုင်တဲ့နေရာမှာတွေ့ရတဲ့ လမ်းဘေးခွေးဖြစ်ဖြစ်၊ ပိုင်ရှင်မပါတဲ့ မှတ်ပုံတင်ထားတဲ့ခွေးဖြစ်ဖြစ် ဘယ် တိရစ္ဆာန်မဆို စည်ပင်သာယာအဖွဲ့က လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်သွားမယ်လို့လည်း သတိပေးထားပါတယ်။
ပိုင်ရှင်မဲ့ခွေးတွေကို မွေးထားချင်တယ်ဆိုရင်တော့ ဇွန် ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီရုံးမှာ စာရင်းပေး အကြောင်းကြားကြဖို့လည်း အသိပေးထားပါတယ်။
ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌကလည်း တရားဝင်လိုင်စင်လုပ်ပြီး မိမိ အိမ် ခြံဝန်းတွေမှာထားတာနဲ့ ခွေးဂေဟာကို အပြီးပို့တာကိုပဲ လက်ခံမယ်လို့ ဆိုပါတယ်။ အပို့ပြပြီး နောက်ရင် ပြန်ခေါ်လာတာမျိုးကို ထိထိရောက်ရောက် အရေးယူမယ်လို့လည်း ဆိုပါတယ်။
လမ်ဘေးခွေးတွေကို အပြတ်ရှင်းလင်းမှာဖြစ်ပြီး ဆောင်ရွက်နေတုန်း လာရောက်နှောင့်ယှက်ရင် ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။