Home
ရုပျသံ
ဆီမီးဖိုင်နယ်တွင် ခရေလမ်းဒိုင်ယာရီသီချင်းဖြင့် အစွမ်းပြခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင် Hazel(ရုပ်သံ)
DVB
·
June 10, 2019
“ခန္ဓာကိုယ်နာကျင်ခြင်းထက်… ရင်ခွင်မှာ နာကျင်ခြင်းက… သိန်းသန်းမကဆို… ကော်ဖီကို ဘယ်သူဖျော်ပေးမလဲ… ဆံပင်ရေစို ဘယ်သူသုတ်ပေးမလဲ… ဟိုမိုးဖွဲလေး ကျတဲ့နေ့မျိုး… ကံကြမ္မာစေညွှန်ရာ ခရီးဆုံး… တို့နှစ်ယောက်လမ်းခွဲလေးတခုရောက်” ဒါကတော့ တေးသံရှင် နီနီခင်ဇော်ရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ ခရေလမ်း ဒိုင်ယာရီအမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ တေးရေး ဝေလနဲ့ ကိုထက်တို့က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ဒီတခါမှာတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ စင်မြင့်ထက်မှာ ပုံစံတမျိုးနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ “သင်္ချာတွေအတူတွက်ရင်းနဲ့… ဆံပင်ရှည်တွေ မနာလိုဘူးတဲ့… တိုးတိုးလေး ပြော… ဒီဇင်ဘာနေသာတဲ့တရက်… ပျော်ရွှင်စွာ အတူတူလက်ထပ်… မျှော်လင့်ချက် လေး အိုး…ဟို… ကားလမ်း ဟိုးတဖက်ကအပြုံးများနဲ့… လှမ်းပြခဲ့ ၀င်းပတဲ့ လက်စွပ်လေး တခု” မနေ့ညက ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Semi Final အဆင့်မှာတော့ ပြိုင်ပွဲဝင် ၈ ယောက်က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး သူတို့ထဲက ၄ ယောက်ကတော့ ဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။ Hazel ကတော့ အိပ်မက်ဆုံရာ ရာသက်ပန် Season 2 မှာ First Runner Up ဆုကို ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။ “ငါ ရင်တွေကွဲရပြီ… မထင်မှတ်တဲ့ အဖြစ်တခု… ဒဏ်ရာ ဒဏ်ချက်များကြားမှာ… နင်ဟာ ငြိမ်သက်သွားပြီ… မယုံနိုင်ဘူး… ဟူး...၀ူး… ဟူး…ဟူ.. မဆုံတော့ဘူး… ဟူး… ၀ူး… ဟူး…ဟူ” ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့် စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ Semi Final အဆင့်မှာ Coach ၄ ယောက်ရဲ့ အဖွဲ့တဖွဲ့စီက ပြိုင်ပွဲဝင် ၂ ဦးစီနဲ့ ၈ ယောက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး Coach နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက Hazel နဲ့ Nicholas Pasangma တို့ကလည်း သီချင်းတပုဒ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ။ ပြိုင်ပွဲဝင် Hazel ဟာ Blind Audition မှာ အဆိုတော် ချောစုခင်ရဲ့ သီချင်းတ ပုဒ်ဖြစ်တဲ့ ကိုယ့်အတွက်အိပ်မက် မင်းမက်လား သီချင်းနဲ့ အစွမ်းပြပြီး ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး Coach ၄ ယောက်စလုံးက ပြိုင်တူ လှည့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။ သူက Coach ကို ရွေးချယ်ချိန်မှာတော့ Coach တဦးဖြစ်တဲ့ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့ တာပါ။ နောက်တဆင့်ဖြစ်တဲ့ Battle Round မှာတော့ သူက ပြိုင်ဘက် Melody Khong နဲ့ သီချင်းတပုဒ်ကို အပြိုင်ကြဲသီဆိုပြီး ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအဆင့်မှာတော့ သူတို့ ၂ ယောက်ဟာ အဆိုတော် တင်ဇာမော်ရဲ့ သိပ်ချစ်ရင်ခါးမယ် သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ကြတာဖြစ်ပြီး နီနီခင်ဇော်ရဲ့ ဆက်လက်ရွေးချယ်မှုနဲ့  နောက်တဆင့် တက်ရောက်နိုင်ခဲ့တာပါ။ Knock Out Round မှာတော့ Coach နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင် ၄ ယောက်ဖြစ်ကြတဲ့ Nicholas Pasangma၊ Hazel၊ Grace Mami နဲ့ Tar Tar တို့က သီချင်းတပုဒ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ Knock Out Round မှာ Hazel ရဲ့ သီဆိုဖျော်ဖြေဟန်ဟာ အားမာန်အပြည့်နဲ့ သီချင်းရသကို ပီပီပြင်ပြင် ဖော်ကျူးထားနိုင်ခဲ့တာကို တွေ့ရပြီး Coach တွေကိုရော ပရိသတ် တွေကိုပါ ဖမ်းစားထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ Coach ဖြစ်တဲ့ နီနီခင်ဇော်ရဲ့ ရွေးချယ် အဆုံးအဖြတ်ပေး ရမယ့်အချိန် ရောက်ရှိလာခဲ့ပြီး သူက ၄ ယောက်ထဲက Nicholas Pasangma နဲ့ Hazel တို့ကို နောက်တဆင့်အတွက် ရွေးချယ်ခဲ့တာပါ။ Knock Out Round ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အခုနှစ်မှ ထည့်သွင်းထားတဲ့ အဆင့်တဆင့်ဖြစ်ကာ အုပ်စုတစုထဲက ၄ ယောက် အစွမ်းပြ သီဆို ယှဉ်ပြိုင်ရတာဖြစ်ပြီး ၂ ယောက်ကိုပဲ ရွေးချယ်တာဖြစ်ပြီး နောက် ၂ ယောက်ကတော့ ပြိုင်ပွဲကနေ နုတ်ထွက်ရတာ ဖြစ်ပါတယ်။ Liveshow အဆင့်မှာတော့ Hazel က တင်ဇာမော်သီဆိုထားတဲ့ ဘုံသီချင်းနဲ့ အစွမ်းပြ သီဆိုကာ Semi Final အဆင့်ထိ တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ Semi Final အဆင့်မှာတော့ ပရိသတ်က မဲပေးရွေးချယ်တဲ့ Voting ၆၀ ရာခိုင်နှုန်းနဲ့ Coach တဦးချင်းစီရဲ့ Voting ၄၀ ရာခိုင်နှုန်းနဲ့အတူ တဖွဲ့က ပြိုင်ပွဲဝင်တဦးကိုသာ ရွေးချယ်ပြီး Grand Final အဆင့်ကို ခေါ်ဆောင်သွားရမှာ ဖြစ်တာမို့ အားလုံးက ရင်ခုန်စိတ်လှုပ်ရှားခဲ့ကြတာပါ။ “တစုံတရာဟာ အနားကပ်ခေါ်သံကြားသလို… ငါမမြင်နိုင်တာ နွေးသွား အောင် ဖက်ထား ဟိုး… မဆုံတော့ဘူး… ဟူး...၀ူး… ဟူး…ဟူ.. မဆုံတော့ဘူး… ဟူး...၀ူး… ဟူး…ဟူ” ပြိုင်ပွဲဝင်တွေ အားလုံးသီဆိုနေကြချိန်မှာတော့ ပရိသတ်တွေက မဲပေးရွေးချယ်ဖို့ အချိန်တခုပေး ထားခဲ့ပြီးနောက်မှာတော့ ရလဒ်တွေကို ကြေငြာချိန်ကို ရောက်ရှိလာခဲ့ တာပါ။ နောက်ဆုံးမဲပေးရွေးချယ်မှုတွေ ပိတ်ချိန်ရောက်လာပြီး ရလဒ်တွေကို ကြေငြာပေး ချိန်မှာတော့ Hazel က Grand Final အဆင့်အတွက် ရွေးချယ်ခံခဲ့ရပြီး ရွှေပင်လယ်သီ ချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Nicholas Pasangma ကတော့ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာခဲ့ ရပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024