နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှမ်းစော်ဘွား ရှားပါးဝတ်စုံများ ပြသ
DVB
·
June 9, 2019
နှစ်ပေါင်းတရာကျော်ပြီဖြစ်တဲ့ ရှမ်းစော်ဘွားကြီးတွေရဲ့ ရှားပါးဝတ်စုံပြပွဲကို ဇွန်လ ၉ ရက်နေ့ကနေ ၁၈ ရက်အထိ အမျိုးသားပြတိုက်ရန်ကုန်မှာ ပြသနေပါတယ်။
ဒီပြပွဲမှာ စော်ဘွားဝတ်စုံ ၃၀ ကျော်ကို ၂ နှစ်ကြာ ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ ဆောင်ရွက်အပြီးမှာ ခုလိုပြတာလို့ ပြောပါတယ်။
ညောင်ရွှေ ယဉ်ကျေးမှုပြတိုက်မှာရှိတဲ့ ရှမ်းလူမျိုးတွေရဲ့ ဝတ်စုံ ၁၃၈ စုံထဲကနေ ပြုပြင်ထိန်းသိမ်းဖို့လိုတဲ့ စော်ဘွားဝတ်စုံတွေကို ရန်ကုန်အမျိုးသားပြတိုက်ကနေ ပြုပြင်တဲ့ လုပ်ငန်းလုပ်ပြီး ညောင်ရွှေပြတိုက်ကို ပြန်မပို့မီ ရန်ကုန်မှာပြသတာဖြစ်ပါတယ်။
စော်ဘွားတွေရဲ့ ဝတ်စုံပြပွဲမှာ စော်ဘွား နယ်စားမင်းတွေနဲ့ သူတို့ရဲ့ ကြင်ယာတော်တွေ၊ မှူးကြီးမတ်ရာ၊ စစ်သူကြီးတွေနဲ့ ဆွေတော်မျိုးတော်တွေရဲ့ ရှားပါးပြီး ရှေးကျတဲ့ အဝတ်တန်ဆာတွေ ပါဝင်ပါတယ်။
ဒီပြပွဲမှာ ရှမ်းစော်ဘွားဝတ်စုံတွေကို သေချာပြသထားပေမယ့်တချို့ ဝတ်စားဆင်ယင်မှုတွေ မှာ အနည်းငယ်လွဲနေတာတွေရှိတယ်လို့ မိုင်းဝယ်ပေါမိုင်း မြို့စားရဲ့မြေးတော်စပ်သူ စဝ်ဆေခမ်းဖ က ပြောပါတယ်။
တချို့နေရာလေးတွေမှာ အငြင်းပွားနိုင်စရာ ဖြစ်တာဆိုလို့ အဆင်တန်ဆာအချို့ လိုအပ်ချက်ကြောင့် ဝတ်စုံပြည့် မပြသထားနိုင်တဲ့ မဟာဒေဝီဝတ်စုံပဲ ရှိနိုင်တယ်လို့ ခင်ကျင်းပြသ ရေးတာဝန်ရှိသူ အမျိုးသားပြတိုက်ရန်ကုန် လက်ထောက်ညွှန်မှူး ဦးကျော်ရှင်နောင် က ပြောပါတယ်။
ရန်ကုန်အမျိုးသားပြတိုက် အနေနဲ့ အခုလို ရှားပါးဝတ်စုံတွေကို ပြတာက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
သတင်း - မေစု၊ ဓာတ်ပုံ - ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန