ရုရှား သတင်းထောက် နေအိမ်အကျယ်ချုပ် ၂ လ ပြစ်ဒဏ်စီရင်ခံရ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းထောက် အိုင်ဗန်ဂိုလူနော့ဗ်ကို ရုရှားတရားရုံးက ဇွန်လ ၈ ရက်မှာ နေအိမ်အကျယ်ချုပ် ၂ လ ပြစ်ဒဏ်စီရင်လိုက်ပါတယ်။ ဂိုလူနော့ဗ်ကို အကြီးစား မူးယစ်ဆေးရောင်းဝယ်မှုနဲ့ စွပ်စွဲထားပြီး ၂ လကြာ ရမန်ထုတ် ထိန်းသိမ်းထားဖို့ စုံစမ်းစစ်ဆေးသူတွေက တရားရုံးကို တောင်းဆိုခဲ့ပြီး ပယ်ချခံခဲ့ရပါတယ်။ အသက် ၃၆ နှစ်အရွယ် ဂိုလူနော့ဗ်ဟာ သတင်းရင်းမြစ်တရပ်နဲ့ တွေ့ဖို့သွားရင်း ကြာသပတေးနေ့က မော်စကိုမြို့လယ်မှာ အဖမ်းခံရတာပါ။ သူ့ကျောပိုးအိတ်ထဲမှာ တရားမဝင် မူးယစ်ဆေးတွေ တွေ့တယ်လို့ ရဲနဲ့ သူ့အလုပ်ရှင် ဖြစ်သူ လတ်ဗီယာနိုင်ငံအခြေစိုက် မေဒူဇာ အွန်လိုင်းသတင်းဌာနတို့က ပြောပါတယ်။ ဂိုလူနော့ဗ်ကတော့ စွဲချက်ကို ငြင်းပါတယ်။ ဂိုလူနော့ဗ်ရဲ့ ရှေ့နေကတော့ သူ့အမှုသည်ကို ရဲတွေက အမှုဆင်ဖို့ မူးယစ်ဆေးထည့်ပြီး ထောင်ဖမ်းတာလို့ ယုံကြည်ကြောင်းနဲ့ ကိုယ်ထိ လက်ရောက်လည်း အရိုက်ခံထားရတယ်လို့ ပြောပါတယ်။ ဂိုလူနော့ဗ်ရဲ့ ရှေ့နေဖြစ်သူဟာလည်း မော်စကိုမြို့တော် အရာရှိတွေကြားက အဂတိလိုက်စားမှု စွဲချက်တွေကို စုံစမ်းစစ်ဆေးတဲ့ နေရာမှာ လူသိများပါတယ်။ သူ့ကို ထောက်ခံသူတွေ ရာချီပြီး တရားရုံးရဲ့ အပြင်ဘက်မှာ စုဝေးရင်း ဂိုလူနော့ဗ်ကို လွှတ်ပေးဖို့ ကြွေးကြော်ခဲ့ကြပါတယ်။ ရုရှားနိုင်ငံမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက အစိုးရနဲ့ အာဏာပိုင်တွေကို ဝေဖန်တဲ့ သတင်းထောက်တွေဟာ အန္တရာယ်အောက်မှာ နေရလေ့ရှိတယ်လို့ ရိုက်တာ သတင်းက ဆိုပါတယ်။ ၁၉၉၂ ခုနှစ်ကစပြီး ရုရှားမှာ အသတ်ခံရတဲ့ သတင်းထောက် ၅၈ ယောက်ရှိပြီး ၃၈ ယောက်က သတ်ဖို့ ပစ်မှတ်ထားခံရတယ်လို့ အမေရိကန် အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ သတင်းထောက်များ ကာကွယ်ရေး ကော်မတီ CPJ က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up