ရှေ့နှစ်အစောပိုင်း နိုင်ငံတကာအာကသစခန်းကို ခရီးသည်များ သွားရောက်နိုင်တော့မည်

ရှေ့နှစ်အစောပိုင်းမှာ နိုင်ငံတကာအာကာသစခန်းကို ပထမဆုံး ကမ္ဘာလှည့်ခရီးသည်တွေ သွားရောက်နိုင်တော့မယ်လို့ အမေရိကန် အမျိုးသားလေကြောင်းနဲ့ အာကာသအေဂျင်စီ (နာဆာ) က ဇွန်လ ၇ ရက်နေ့မှာ ပြောကြားပါတယ်။ နာဆာ တွဲဖက်အုပ်ချုပ်ရေးမှူး ဘီလ်ဂါဆင်မိုင်ယာက ဒုံးပျံထိုင်ခုံလက်မှတ်ခဟာ အမေရိကန် ဒေါ်လာ သန်း ၈၀ လောက် ကုန်ကျတယ်လို့ ပြောပေမယ့် အခုအခါ ကုန်ကျစရိတ်ဟာ ဒေါ်လာ ၅၈ သန်းသာ ရှိပါတော့တယ်။ ဒါပေမယ့် အရပ်ဘက်အာကာသခရီးသည်တွေရဲ့ ကုန်ကျစရိတ်ကို နာဆာ ကန်ထရိုက်တာတွေ ဖြစ်တဲ့ ဘိုးရင်းနဲ့ စပေ့အိတ်စ် ကုမ္ပဏီတွေက သတ်မှတ်မှာပါ။ နာဆာဘဏ္ဍာရေး အရာရှိချုပ် ဂျက်ဖ် ဒါဝင်းက နိုင်ငံတကာ အာကာသစခန်းရောက်တဲ့အခါမှာ တညကို အကြမ်းဖျင်း ဒေါ်လာ သုံးသောင်းခွဲ  ထပ်မံ ကျသင့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာကာသစခန်း ၀န်ဆောင်မှုဟာ ဟီလ်တန် နဲ့ မယ်ရီယော့ တို့လို နာမည်ကြီး ဟိုတယ်တွေကို မီမှာမဟုတ်ဘူးလို့ ဂျက်ဖ်ဒါဝင်းက ပြောပါတယ်။ နာဆာရဲ့ အခုအပြောင်းအလဲဟာ နိုင်ငံတကာအာကာသစခန်းကို အရပ်သားခရီးသည် အများအပြားခွင့်ပြုတဲ့  ရုရှားအာကာသအေဂျင်စီ ရော့စ်ကော့စမော့နဲ့ အပြိုင်ဖြစ်လာမှာပါ။ နာဆာမှာ ပုဂ္ဂလိက လုပ်ငန်းတွေကို လမ်းဖွင့်ပေးလိုက်တာက သမ္မတထရမ့် အစိုးရရဲ့ ၂၀၂၄ မှာ လကမ္ဘာပေါ်ကို လူသားပြန်လည်စေလွှတ်ရေး ရည်မှန်းချက်ကို အာရုံစိုက်တာပါ။ အခုလို ပုဂ္ဂလိက လုပ်ငန်းက ရတဲ့ အမြတ်ငွေတွေနဲ့ အဲဒီရည်မှန်းချက်ကို တစိတ်တပိုင်း ထောက်ပံ့ပေးနိုင်တယ်လို့ နာဆာအေဂျင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up