ဗီယက်နမ်အသင်း အနိုင်နှင့်ထိုက်တန်ဟု မြန်မာယူ ၂၃ နည်းပြပြော

ဗီယက်နမ်နိုင်ငံ ဗီယက်ထရွိုင်မြို့မှာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဗီယက်နမ်ယူ ၂၃ အသင်းက မြန်မာယူ ၂၃ အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဗီယက်နမ်အသင်းဟာ ပထမပိုင်းမှာ ၁ ဂိုးနဲ့ ဒုတိယပိုင်း ၁ ဂိုးသွင်းယူပြီး အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းဘက်က အနီကတ်နဲ့ တယောက်အထုတ်ခံခဲ့ရပါတယ်။ မြန်မာယူ-၂၃ အသင်း နည်းပြချုပ် မစ္စတာပိုပေါ့ဗ်က "အနိုင်ရသွားတဲ့ ဗီယက်နမ်အသင်းကို ပထမဦးစွာ ချီးကျူးစကား ပြောလိုပါတယ်။ သူတို့အနိုင်နဲ့ ထိုက်တန်ခဲ့ပါတယ်။ ကျနော်တို့က ပထမပိုင်း ၃၅ မိနစ်လောက်ထိ ပြိုင်ဘက်အသင်းနဲ့ ပရိသတ်ကို ရှိန်နေခဲ့လို့ ကစားပုံ မကောင်းခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ ကစားပုံကောင်းလာခဲ့ပြီး အထူးသဖြင့် ဒုတိယပိုင်း ကစားပုံကိုတော့ ကျေနပ်မိပါတယ်။ အနီကတ်နဲ့ တယောက်လျော့ပြီးချိန်မှာတောင်မှ ကစားပုံကောင်းခဲ့ပါတယ်။” လို့ ပြောပါတယ်။ ဆီးဂိမ်းမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဗီယက်နမ်အသင်းနဲ့ အခုလို ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရတာ မြန်မာအသင်းအတွက် အကျိုးရှိတယ်လို့ နည်းပြက ဆိုပါတယ်။ “ဗီယက်နမ်အသင်းက ဆီးဂိမ်းစ်မှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အသင်းတသင်းပါ။ ဒီလိုအသင်းနဲ့ တွေ့တဲ့အခါ ကျနော်တို့ အနေအထား ဘယ်လောက်ရှိနေပြီး ဘယ်လောက်တုံ့ပြန် ကစားနိုင်သလဲဆိုတာ သိရတဲ့အတွက် အကျိုးရှိပါတယ်။ ကွင်းလုံးပြည့် တခဲနက် လာရောက်အားပေးကြတဲ့ အိမ်ရှင် ပရိသတ်တွေရဲ့ အားပေးမှုကလည်း ဗီယက်နမ်ရဲ့ နိုင်ပွဲအတွက် အရေးပါခဲ့တယ်လို့ ထင်ပါတယ်။ ဆီးဂိမ်းမှာ ကြားကွင်းအဖြစ် ကျနော်တို့ နောက်တကြိမ် ပြန်တွေ့ခဲ့မယ်ဆိုရင်တော့ ကျနော်တို့ ပိုပြီးကောင်းလာမယ်ဆိုတာတော့ ပြောနိုင်ပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up