Saturday, June 10, 2023
Homeမွနျမာသတငျးကယားပြည်နယ်အတွင်း လုပ်ဆောင်နေသည့် စီမံကိန်းများရပ်ရန် တောင်းဆို

ကယားပြည်နယ်အတွင်း လုပ်ဆောင်နေသည့် စီမံကိန်းများရပ်ရန် တောင်းဆို

ကရင်နီ(ကယား) ပြည်နယ်အတွင်း အကောင်အထည်ဖော်နေတဲ့  ရွာသစ်ရေကာတာ စီမံကိန်း၊ အမှတ် (၁၄) တပ်မတော် တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း၊ ဘိလပ်မြေစက်ရုံ၊ သတ္တု တွင်း၊ သစ်ထုတ်လုပ်ရေး စီမံကိန်းတွေဟာ  ဒေသခံပြည်သူတွေအတွက် အကျိုးမရှိဘဲ ဆိုးကျိုးသက်ရောက်နိုင်တဲ့အတွက် ရပ်တန့်ပေးဖို့ ကရင်နီ လူမှုအသင်းအဖွဲ့နဲ့ လူထုကိုယ်စားလှယ်တွေက တောင်းဆိုလိုက်ပါတယ်။

ဒီစီမံကိန်းတွေကြောင့် ဒေသခံတွေ လုပ်ကိုင်စားသောက်မှု အခက်အခဲနဲ့ လယ်ယာမြေဆုံးရှုံး နစ်နာမှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှုနဲ့ အနာဂတ် သားစဉ်မြေးဆက်အပေါ် ဆိုးကျိုးသက်ရောက်နိုင်မှုတွေ ရှိတဲ့အတွက် ရပ်တန်းပေးဖို့ တောင်းဆိုတာလို့ ဆိုပါတယ်။

ကယားပြည်နယ်အတွင်း အခြေပြုတဲ့ လူထုကိုယ်စားလှယ် ၄၀ ကျော် ပါဝင်တဲ့  နှီးနှောဖလှယ်ပွဲတရပ်ကို အခုလ ၆ ရက်ကနေ ၁၀ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။

ဒီနှီးနှောဖလှယ်ပွဲအတွင်း ကယားပြည်နယ်အတွင်း တည်ဆောက်နေတဲ့ စစ်လေ့ကျင့်ရေး သင်တန်းကျောင်းကို ရပ်တန့်ပေးဖို့၊ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရွာသစ်ရေအားလျှပ်စစ် စီမံကိန်းကို ရပ်တန့်ပေးဖို့နဲ့  ပကျဲတောင်ဒေမှာ တည်ဆောက်မယ့် ဘိလပ်မြေစက်ရုံကို ရပ်တန့်ပေးဖို့ ဆွေးနွေးတောင်းဆိုတာ ဖြစ်ပါတယ်။

လူထုအကျိုးပြုလုပ်ငန်းကို လုပ်ဆောင်နေတဲ့ ကိုသက်တင်က “ လောလောဆယ် အချက် ၃ ချက်ပဲတောင်းဆိုထားတယ်။ အမှတ် (၁၄) တပ်မတော် တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းကို ပြည်သူလူထု အကျိုးပြု စာသင်ကျောင်းလိုမျိုး ဖွင့်စေချင်တဲ့ သဘောမျိုး ရွာသူရွာသားတွေက ပြောတယ်။ ရေကာတာကို နားစေချင်တယ်၊ လယ်ယာမြေတွေ အများကြီး ပျက်စီးမယ်။ သဘာဝ ပတ်ဝန်းကျင်တွေ အများကြီး ပျက်စီးမှာလည်း ကြားထားတယ်လေ။ လယ်ယာမြေအများကြီး သိမ်းကိစ္စ ဘိလပ်မြေစက်ရုံက လယ်ဧကပေါင်း ၄၀၆၈၀ ဧက သိမ်းခဲ့တယ်။ ဘိလပ်မြေစက်ရုံက မြို့နဲ့လည်း ဝေးရမယ်၊ ကျနော်တို့က တောင်းဆိုတယ်။”

ဒါ့အပြင် ဖရူဆိုမှာ တည်ဆောက်မယ့် ခနောက်စိမ်း သန့်စင်စက်ရုံနဲ့ ကယားပြည်နယ်မှာ တူဖော်မယ့် သတ္တုလုပ်ငန်းအားလုံးအတွက် ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့  လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်မှုကို အသိအမှတ်ပြုဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီစီမံကိန်းတွေဟာ အကျိုးမြတ်မရှိတဲ့အပြင်  လူထုရဲ့ ရပ်တည်ချက်ကို အခက်အခဲဖြစ်စေတဲ့အတွက် ရပ်တန့်ပေးဖို့ တောင်းဆိုတာလို့ ကိုသက်တင်က  ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular