အာဖရိကန်သမဂ္ဂက ဆူဒန်ကို အဖွဲ့ဝင်အဖြစ်မှ ယာယီဆိုင်းငံ့

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ ဆူဒန်မှာ လူပေါင်း ဒါဇင်ချီ သေဆုံးပြီးနောက်  အာဖရိကန်သမဂ္ဂ (AU) က ဆူဒန်မှာ အရပ်သားအစိုးရ မဖွဲ့မချင်း AU အဖွဲ့ဝင် အဖြစ်ကနေ ယာယီဆိုင်းငံ့တယ်လို့ ဇွန်လ ၆ ရက်နေ့က ကြေညာလိုက်ပါတယ်။ အီသီယိုးပီးယားနိုင်ငံ မြို့တော် အဒစ်အဘာဘာမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ AU ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီက ဆူဒန်ကို အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့ပြီး တုံ့ပြန်ခဲ့တာပါ။ AU အဖွဲ့ အခြေစိုက်တဲ့ အီသီယိုးပီးယားက ဇွန်လ ၇ ရက်နေ့မှာ ဆူဒန်အာဏာရ စက်ဘက်ကောင်စီ (TMC)၊ အတိုက်အခံတို့နဲ့ တွေ့ဆုံပြီး ကြားဝင်ဖျန်ဖြေဖို့ စီစဉ်ထားပါတယ်။ စစ်ဘက်နဲ့ အတိုက်အခံ နှစ်ဖက်စလုံးက အရပ်သားဦးဆောင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆွေးနွေးခဲ့ပြီး ဇွန်လ ၃ ရက်နေ့ ထိုင်သပိတ် ဆန္ဒပြနေသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ စီးနင်းရာမှာတော့ နှစ်ဖက်ညှိနှိုင်းတာတွေ ပျက်ပြားသွားပါတယ်။ အဲဒီ သွေးထွက်သံယို ဖြိုခွင်းတာကို ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ပါတယ်။ အဲဒီလိုဖြိုခွင်းတာကြောင့် ဓားထိုးခံရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အပါအဝင် ၆၁ ယောက် သေဆုံးတယ်လို့ ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပေမယ့် အတိုက်အခံကတော့ သေဆုံးသူ ၁၀၈ ယောက်ရှိတယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up