ရင်သွေးကို အမှိုက်ပုံတွင် စွန့်ပစ်သည့် ထိုင်းအမျိုးသမီးအား ဖမ်းဆီး

ဓာတ်ပုံ - sanook
ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းပထုန်ခရိုင် ဆာမ်ဖရန်းမြို့နယ်ထဲမှာ အမျိုးသမီးတဦးက ၅ ယောက်မြောက် မွေးဖွားလာတဲ့ သားငယ်ကို ဆက်ပြီး ကျွေးမွေးပြုစုနိုင်ခြင်း မရှိလို့ အမှိုက်ပုံမှာ သွားရောက်စွန့်ပစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က ဆာမ်ဖရန်းမြို့နယ် ကထုမ့်လွမ့်ရပ်ကွက် ကထုမ့်လုမ့် ၂၇ လမ်းကြားရှိ အမှိုက်ပုံတခုမှာ မွေးကင်းစကလေးငယ်တဦးကို အိတ်ထဲထည့်ပြီး လာပစ်ထားတာတွေ့လို့ ပြည်သူတဦးက ရဲနဲ့ ဆေးရုံကို အကြောင်းကြားခဲ့ပြီး ဆာမ်ဖရန်းဆေးရုံ တာဝန်ရှိသူတွေကလည်း အဲဒီကလေးကို ဆေးရုံခေါ်ဆောင်ကာ ပြုစုကုသပေးခဲ့ကြပါတယ်။ ဖိုးထိနယ်မြေရဲစခန်း တာဝန်ရှိသူတွေက မွေးကင်းစကလေး လာရောက်စွန့်ပစ်သွားသူကို စီစီတီဗွီ ကင်မရာထဲကနေ လိုက်လံရှာဖွေရာ အဲဒီနေ့မနက်က နက်ပြာရောင် ဂျာကင်အင်္ကျီဝတ် အမျိုးသမီးတယောက် ဆိုင်ကယ်မောင်းလာပြီး အနောက်က လူငယ်အမျိုးသားတယောက် လိုက်စီးလာကြောင်း၊ အမှိုက်ပုံနားရောက်တော့ အမျိုးသမီးက အိတ်တလုံးကို အမှိုက်ပုံတွေကြား ညင်သာစွာ ချထားခဲ့ပြီး ပြန်ထွက်သွားကြောင်း၊ မရှေးမနှောင်းမှာ အမျိုးသားတယောက် အမှိုက်လာပစ်ပြီး အဲဒီအထုပ်ကို စိတ်မဝင်စားဘဲ ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ဆိုင်ကယ်နံပါတ်ပြားနဲ့ အဲဒီအမျိုးသမီးကို လိုက်လံစုံစမ်းရာ သူမဟာ ဆမွတ်ဆာခွန်းမြို့ ကထုန့်ပဲင်အုပ်စု အုန်းနွဲ့ရပ်ကွက်မှာ နေထိုင်သူ နန်းဆောဝ် ဝရားဖွန်း (အသက် ၂၉ နှစ်) ဆိုသူဖြစ်လို့ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ နန်းဆောဝ်ဝရားဖွန်းကလည်း ကလေးဟာ အဲဒီနေ့မနက်ကမှ မွေးဖွားခဲ့တဲ့ သူ့ကလေးဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူဟာ အဲဒီ သားယောကျာ်းလေးကို သူတို့တန်းလျား အိမ်သာထဲမှာပဲ ကိုယ့်ဘာသာ မွေးခဲ့ပြီး ချက်ကြိုးကိုလည်း ကိုယ့်ဘာသာ ဖြတ်ခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူမှာ တခြားခရိုင်တခုမှာ ယာဉ်မောင်းအလုပ် လုပ်နေပြီး လစာ တလ ဘတ်တသောင်းကျော်သာ ရကြောင်း၊ သူတို့မှာ အရင်က ကလေး ၄ ယောက် ရှိထားပြီး ဒီ ၅ ယောက်မြောက် ကလေးကိုတော့ ဆက်ပြီး ကျွေးမွေးပြုစုသွားဖို့ ငွေကြေးမတတ်နိုင်တော့လို့ တယောက်ယောက်က တွေ့ပြီး ကောက်ယူမွေးစားနိုင်ဖို့ မျှော်လင့်ကာ သားကြီးနဲ့အတူ အမှိုက်ပုံမှာ သွားစွန့်ပစ်ခဲ့တာလို့ ဆိုပါတယ်။ သူမအနေနဲ့ အခုလို ကလေးမွေးပြီး စွန့်ပစ်တဲ့အကြောင်း ခင်ပွန်းသည်ကို အသိမပေးခဲ့ဘူးလို့ ဆိုပြီး ရဲတပ်ဖွဲ့ကတော့ သူ့ကို အသက် ၉ နှစ်အောက် ကလေးငယ်အား အုပ်ထိန်းသူကင်းမဲ့အောင် တမင်ရည်ရွယ် စွန့်ပစ်မှုနဲ့ အရေးယူသွားမယ်လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် အချိန်မှာပဲ ကလေးအမေဟာ သွေးတွေအများကြီး သွန်ထားလို့ အားအင်ဖျော့တော့ပြီး သတိလစ်မလို ဖြစ်လာတဲ့အတွက် ဆာမ်ဖရန်းဆေးရုံကြီးကို အမြန်ဆုံး ပို့ဆောင်ပေးလိုက်ရတယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up