Home
မြန်မာသတင်း
YMCA ၁၇၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲ မန္တလေးတွင် ကျင်းပ
DVB
·
June 7, 2019
YMCA ကလျာဏယုဝခရစ်ယာန်အသင်း တည်ထောင်ခြင်း ၁၇၅ နှစ်ပြည့် အထိမ်းအမှတ်ကို မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်ရှိ YMCA အသင်းရုံးမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ တက်ရောက်ချီးမြှင့်ခဲ့ပြီး ၁၇၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ နှင်းဆီဖြူ ၁၇၅ ပွင့် မေတ္တာလက်ဆောင်ပေးခဲ့သလို တက်ရောက်လာသူတွေကို ငြိမ်းချမ်းရေးနှင်းဆီဖြူတွေနဲ့အတူ မှတ်တမ်းစာအုပ်တွေ ပေးဝေကာ အချိုရည်တွေနဲ့ မုန့်တွေ ပေးဝေခဲ့ပါတယ်။ မန္တလေး YMCA အသင်း အတွင်း​ရေးမှူး ဦး​နေဝင်းက ​“နှင်းဆီဖြူသည်​ လူသားအားလုံးနဲ့ ဆိုင်​ပါတယ်​။ ငြိမ်းချမ်းဖို့အတွက် ​ကိုယ်​စားပြုပါတဲ့အတွက်​ YMCA ရဲ့ ၁၇၅ နှစ်​ပြည့်မှာ ငြိမ်းချမ်းခြင်းကိုလည်း သယ်​​ဆောင်​လာတယ်​ဆိုတာကို ရည်​ရွယ်​ပြီး နှင်းဆီဖြူကမ်းတဲ့ အစီအစဉ်​​လေးပါ ထည့်ပြီးပြုလုပ်​ရခြင်းဖြစ်​ပါတယ်” လို့ ပြောပါတယ်။ လူသားအချင်းချင်း မခွဲခြားဘဲချစ်ကြည်ရင်းနှီးစွာ နေထိုင်ခြင်းကို တန်ဖိုးထားကြစေဖို့၊ လူငယ်တွေဘက်စုံဖွံ့ဖြိုးမှုနဲ့ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာစေဖို့၊ အမိကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ပြီး YMCA ကလျာဏယုဝ ခရစ်ယာန်အသင်းကြီးကို ၁၈၄၄ ခုနှစ် ဇွန် ၆ ရက်က လန်ဒန်မြို့မှာဖွင့်လှစ်ခဲ့တာပါ။ နိုင်ငံပေါင်း ၁၂၀ မှာ YMCA အသင်းတွေကို ဖွဲ့စည်းနိုင်ခဲ့ပြီး မြန်မာနိုင်ငံ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာတော့ ၁၈၉၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ မြို့ပေါင်း ၂၈ မြို့မှာ YMCA ကလျာဏယုဝခရစ်ယာန်အသင်းတွေ တည်ထောင်ပြီး လူမျိုးဘာသာမရွေး ဒေသအကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024