Live
Home
မြန်မာသတင်း
ဟန်ဂေရီတွင် ဒေါ်အောင်ဆန်းစုကြည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဟောပြော
DVB
·
June 7, 2019
ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့မနက်ပိုင်းက National University of Public Service မှာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အကြောင်း ဆွေးနွေးဟောပြောခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူတွေကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးလုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုအခြေအနေတွေ ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေ၊ မြန်မာ-ဟန်ဂေရီ နှစ်နိုင်ငံပညာရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွေနဲ့ ပြည်သူ အချင်းချင်း ထိတွေ့ဆံဆက်မှု တိုးမြှင့်ရေး ကိစ္စရပ်တွေကို အကျယ်တဝင့် ဟောပြောပို့ချခဲ့တယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကျောင်းသား၊ ကျောင်းသူတွေ သိလိုတဲ့ မေးခွန်းတွေကိုလည်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ  ဟန်ဂေရီနိုင်ငံ အောက်လွှတ်တော်ကိုလည်း သွားရောက်ခဲ့ပြီး ဟန်ဂေရီ လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mrs. Marta Matrai နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြား ဒီမိုကရေစီအသွင်ကူးပြောင်းမှု တွင်တူညီစွာ ကြုံတွေ့ခဲ့ရတဲ့ အချက်တွေကို အပြန်အလှန်ဖလှယ်ရေး၊ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ လွှတ်တော်တွေရဲ့ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဘူဒါပတ်စ်မြို့ရှိ Marriott ဟိုတယ်မှာ ကျင်းပတဲ့ မြန်မာ-ဟန်ဂေရီ နှစ်နိုင်ငံစီးပွားရေး ဖိုရမ်ဖွင့်ပွဲကို တက်ရောက် အမှာစကားပြောကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာသံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေ၊ ဟန်ဂေရီနိုင်ငံရောက် မြန်မာပညာတော်သင်တွေနဲ့လည်း ခေတ္တတည်း ခိုနေတဲ့ Kempinski ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲတွေနဲ့ စီးပွားရေးဖိုရမ်ဖွင့်ပွဲတို့ကို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနဲ့ ဦးကျော်တင်၊ မြန်မာသံအမတ်ကြီး ဦးမျိုးအေးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024