နယ်သာလန်က အချိန်ပိုသွင်းဂိုးများဖြင့် အင်္ဂလန်ကိုနိုင်ပြီး နေးရှင်းလိဂ်ဗိုလ်လုပွဲတက် (ရုပ်သံ)

နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် နယ်သာလန်နဲ့ အင်္ဂလန်တို့ မနေ့ညက ယှဉ်ပြိုင်ရာ နယ်သာလန်က ၃ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ နယ်သာလန်အသင်းမှာ ဒီပေး၊ ဘာဘယ်လ်၊ ဝစ်ခ်ျနယ်လ်ဒန်၊ ဒီဂျောင်၊ ဘလိုင်း၊ ဗန်ဒိုက်၊ ဒီလစ် စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ အင်္ဂလန်အသင်းမှာတော့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို အရန်အဖြစ် အသုံးပြုသွားသလို ဟန်ဒါဆန်၊ အယ်လီ၊ လင်ဂတ်တို့လည်း လူစားဝင် ကစားသမားအဖြစ်နဲ့ ပါဝင်ခဲ့ပြီး တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်၊ စတာလင်၊ ဆန်ချို တို့နဲ့ ယှဉ်ပြိုင်သွားပါတယ်။ အဖွင့်ဂိုးကို အင်္ဂလန်အသင်းက ရယူနိုင်ခဲ့ပြီး ၃၂ မိနစ်မှာရတဲ့ ပယ်နယ်တီကို တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ နယ်သာလန်အသင်းက အပေးအယူ အချိတ်အဆက်မိမိနဲ့ ကစားနိုင်သလို ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းရာမှာပါ အသာရခဲ့ပါတယ်။ နယ်သာလန်အတွက် ချေပဂိုးကို ပွဲချိန် ၇၃ မိနစ်မှာ ထောင့်ကန်ဘောကတဆင့် နောက်ခံလူ ဒီလစ်က ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။ ဒီနောက် ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့အထိ တဖက်တဂိုးစီ သရေကျနေလို့ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာ ပွဲချိန် ၉၇ မိနစ်မှာ အင်္ဂလန်နောက်ခံလူ ဝေါ်လ်ကာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိရာက တဂိုး၊ ၁၁၄ မိနစ်မှာ ပရိုမက်စ်က တဂိုး သွင်းယူပြီး နယ်သာလန် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်လှမ်းသွားပါတယ်။ နောက်ဆုံးဗိုလ်လုပွဲအဖြစ် လာမယ့် ဇွန်လ ၉ ရက်မှာ နယ်သာလန်နဲ့ ပေါ်တူဂီ၊ တတိယလုပွဲအဖြစ် ဆွစ်ဇာလန်နဲ့ အင်္ဂလန်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up