တရုတ်နှင့် ရုရှား သမ္မတ ၂ ဦးတွေ့ဆုံ၊ စီးပွားရေးလုပ်ငန်း နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ ဇွန်လ ၅ ရက်က တွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းတွေကြား နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ရုရှားမြို့တော် မော်စကိုက ကရင်မလင် နန်းတော်ထဲမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဇွန်လ ၅ ရက်က အပြန်အလှန် ဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။ ရုရှားနဲ့ တရုတ် နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ထင်မှတ်မထားလောက်အောင် မြင့်တဲ့အဆင့်ကို ရောက်ခဲ့ပြီးပြီလို့ ပူတင်က ပြောပါတယ်။ "မနှစ်က အပြန်အလှန် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလျံတရာ ရောက်ဖို့ ကျေန်ာတို့ ပန်းတိုင်သတ်မှတ်ခဲ့တယ်။ နှစ်နိုင်ငံ အစိုးရတွေရဲ့ အားထုတ်မှုကြောင့် လျာထားချက်ကို ကျော်လွန်ပြီး အမေရိကန်ဒေါ်လာ ၁၀၈ ဘီလျံဖိုး ရောက်ခဲ့တယ်။ ဒီနှစ်ရဲ့ ပထမ ၃ လမှာလည်း ကုန်သွယ်ရေးက ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးလာတယ်" လို့ ပူတင်က ပြောပါတယ်။ ရှီဟာ ဇွန်လ ၆ ရက်ကနေ ၈ ရက်ထိ ကျင်းပမယ့် ၂၃ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်ကို တက်ဖို့ တရားဝင်ခရီးစဉ်နဲ့ ရုရှားကို ရောက်လာတာပါ။ ဒီနှစ်ဟာ တရုတ်နဲ့ ရုရှား သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် နှစ်ပတ်လည်လည်း ဖြစ်ပါတယ်။ သမ္မတ ရှီကျင့်ဖျင်က "ကျေန်ာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ပြည်သူတွေကို ပိုကြီးကြီး စွမ်းဆောင်နိုင်စေမယ်။ ဒါမှ နိုင်ငံတကာရေးရာမှာ ရုရှား-တရုတ် လုပ်ငန်းစဉ်ကို တိုးမြှင့်နိုင်မယ်။ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်တာတွေကို ရုရှားနဲ့အတူ ဆက်လုပ်ဖို့ ကျနော်တို့က အဆင်သင့်ပဲ" လို့ ပြောပါတယ်။ တရုတ်နဲ့ ရုရှားအစိုးရတို့ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ အခြေအနေကို တည်ငြိမ်စေချင်တယ်လို့ ပူတင်က ရှီနဲ့ ဆွေးနွေးပွဲအပြီး ပြောပါတယ်။ ရုရှားနဲ့ တရုတ်တို့ဟာ ဗင်နီဇွဲလား ဆိုရှယ်လစ်သမ္မတ နီကိုးလပ်စ် မာဒူရိုနဲ့ နီးစပ်တဲ့ မဟာမိတ်တွေပါ။ ရှီရဲ့ခရီးစဉ်အတွင်း MTS မိုဘိုင်းကွန်ရက်လုပ်ငန်းနဲ့ ဟွာဝေး နည်းပညာကုမ္ပဏီကြား နားလည်မှုစာချွန်လွှာ အပါအဝင် ရုရှားနဲ့ တရုတ် စီးပွားရေးလုပ်ငန်းတွေကြား အပြန်အလှန် သဘောတူညီချက် အတော်များများကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ တရုတ်သမ္မတဟာ ၂၃ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up